ဖလမ်းက စစ်ဘေးရှောင် ၂၀၀၀ ကျော် အကူအညီများ လိုအပ်  နှစ်မကုန်ခင် မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်လို့ CNDF ဆို

Author ဆလိုင်း
Categories
Published on Jun 28, 2024

ချင်းပြည်၊ ဖလမ်းမြို့နယ်မှာ စစ်ဘေးရှောင် ၂၀၀၀ ကျော်အတွက် ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ သောက်သုံး ရေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ပေးသူများထံမှ သိရပါတယ်။

 

စစ်ဘေးရှောင်တွေဟာ ကလေး၊ ကဘော်ဒေသခံနဲ့ ဖလမ်းမြို့ခံ စစ်ဘေးရှောင်တွေဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ စစ်ဘေးရှောင်တွေဟာ ဘေးကင်းလုံခြုံတဲ့ နေရာတွေမှာ တဲထိုးပြီး နေထိုင်နေရတဲ့အတွက်ကြောင့် အမိုးအကာ၊ အခင်း၊ ခြင်ထောင်၊ ခြင်ဆေးခွေ၊ ဆေးဝါး၊ စားနပ်ရိက္ခာတွေစတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

 

ထို့ပြင် ၎င်းစစ်ဘေးရှောင်များနေထိုင်တဲ့နေရာဟာ ရေနဲ့အလှမ်းဝေးတဲ့အတွက် ရေရရှိရေး ပိုက်များ ဝယ်ယူနိုင်ဖို့ အကူအညီလိုအပ်နေတယ်လို့ အဲဒီက စစ်ဘေးရှောင် ကူညီစောင့်ရှောက်ပေးသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

“စစ်ဘေးရှောင်တွေကို လုံခြုံတဲ့နေရာမှာ ထားရှိတဲ့အတွက် ရေနဲ့ အလှမ်းဝေးတယ်။ စစ်ဘေးရှောင်တွေထဲမှာ အသက်ကြီးပိုင်း လူကြီးနဲ့ ကလေးတွေများလာတဲ့အတွက် ဆေးဝါးအကူအညီလည်း လိုအပ်တယ်” လို့ ၎င်းက ဆိုပါတယ်။

 

ဖလမ်းမြို့နယ်က စစ်ဘေးရှောင်တွေဟာ ချင်းအမျိုးသားအဖွဲ့အစည်း(CNO)က လုံခြုံရာမှာ တဲများဆောက်လုပ်နေရာပေးထားသလို ဆန်များထောက်ပံ့ပေးထားပေမဲ့ နေရာထိုင်ခင်း၊ အစားအသောက်၊ ဆေးဝါး အကူအညီတွေ လိုအပ်နေသေးတဲ့အတွက် ကူညီပေးကြဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

လက်ရှိ ဖလမ်းမြို့မှာ စစ်ကောင်စီနဲ့ CNDF တို့ မကြာခဏ ထိတွေ့တိုက်ပွဲတွေရှိနေပြီး ယခုနှစ်မကုန်မီ ချင်းညီနောင်အဖွဲ့ရဲ့  မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်လို့ ၎င်းက ဆိုပါတယ်။

ဖလမ်းမြို့မှာ နှစ်ဖက်တိုက်ပွဲတွေ ကာလအတန်ကြာ ငြိမ်သက်ခဲ့ပေမဲ့ အခုနှစ် မေလနောက်ဆုံးပတ်ကစလို့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်လို ပြန်လည်ဖြစ်ပွားနေတယ်လို့ CNDF အဖွဲ့ထံမှ သိရပါတယ်။

 

ဓာတ်ပုံ-CNDF

 

ပုံစာ – ဖလမ်းမြို့နယ် စစ်ဘေးရှောင်တွေကို တွေ့ရစဥ်