ဒိုက်ဦးအကျဉ်းထောင်က နိုင်/ကျဉ်းတစ်ဦး မသေဆုံးမီ မိခင်ထံ ရေးပို့တဲ့ကဗျာ PPNM ပြန်ဖတ်

Author ကိုထားဝယ်
Categories
Published on Jun 28, 2024

ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦးဟာ စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းမခံရမီ ထောင်တွင်းမှ မိခင်ထံ “ဘုရားတွေမပွင့်တဲ့ခေတ်ရောက်ရင် အမေတစ်ယောက်တော့ အပိုင်လိုချင်တယ်” ဆိုတဲ့ကဗျာကို ပေးပို့ခဲ့ပါတယ်။

 

အဲဒီကဗျာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဦးဆောင်ကော်မတီ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသိုက်ထွန်းဦးက အသံနဲ့ ပြန်ရွတ်ဆိုပြခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တုန်းက ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှ ထောင်ပြောင်းမယ်ဆိုပြီး နိုင်/ကျဉ်း ၁၂ ဦးကို စစ်ကောင်စီလက်အောက်ခံတွေက ထောင်ပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်ခံခဲ့ရတဟာ မနေ့က တစ်နှစ်ပြည့်ခဲ့ပါပြီ။ ၎င်းတို့ကို ရည်စူးပြီး အခုကဗျာကို တစ်နှစ်ပြည့်အမှတ်တရအနေနဲ့ ဖတ်တာလို့ PPNM ထုတ်ပြန်ချက်ထဲ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

 

အဲဒီထဲက ကျဆုံးနိုင်ငံရေးအကျဉ်းသားတစ်ဦးဟာ အသတ်မခံရခင် ၎င်းရဲ့ မိခင်ထံ အထက်ပါကဗျာကို ရေးသားပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ တိတိကျကျ ထုတ်ပြန်ချက်ထဲ ထည့်မရေးထားပါဘူး။

 

စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းခံရသူ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁)ကိုခန့်လင်းနိုင်

(၂)ကိုပြည့်ဖြိုးဟိန်း

(၃)ကိုဇင်မြင့်ထွန်း(ခ)ကိုရာလေး

(၄)ကိုဝေယံလွင်(ခ)ဂျာကြီး

(၅)ဇင်ဝင်းထွဋ်(ခ)ဗလကြီး

(၆)ကိုအောင်မျိုးသူ

(၇)ကိုဘိုဘိုဝင်း

(၈)ကိုအာကာထက်ပိုင်မျိုး(ခ)ကိုနေအေး

(၉)ကိုအေးကို(ခ)အေးကိုကို

(၁၀)ကိုမင်းချို(ခ)MC

(၁၁)ကိုအောင်သူရလှိုင်(ခ)ကိုဇီလောင်း

(၁၂)ကိုမင်းဘုန်းမဟာ တို့ ဖြစ်ပါတယ်။

 

“ကျဆုံး နိုင်ငံရေးအကျဉ်းသား/သူအားလုံး ကောင်းရာသုဂတိလားပါစေ။ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား/သူအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ” လို့လည်း PPNM က ဆုတောင်းပေးထားတာတွေ့ရပါတယ်။

 

ရုပ်သံ – PPNM