ထီးဖိုးစံရွာက စစ်ရှောင်ကလေးငယ်တွေ စာအုပ်နဲ့ စာရေးကိရိယာ အရေးပေါ်လိုအပ်နေ
ကရင်ပြည်၊ လှိုင်းဘွဲ့မြို့နယ် (ကော့ကရိတ်မြို့နယ်မြောက်ပိုင်းအစပ်) ရှိ ထီးဖိုးစံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဟာ စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရပြီးနောက်၊ လက်ရှိအချိန်အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ စစ်ဘေးရှောင်စခန်းတွေမှာ ပညာသင်ကြားနေရတဲ့ ကလေးငယ်တွေအတွက် ကျောင်းသုံးဗလာစာအုပ်နဲ့ စာရေးကိရိယာတွေ အရေးပေါ်လိုအပ်လျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ထီးဖိုးစံရွာ ဘုန်းကြီးကျောင်းနဲ့ အုတ်တံတိုင်းသာခြားပြီး ကပ်လျက်တည်ရှိတဲ့ အလယ်တန်းကျောင်းဝင်းအတွင်းသို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်အုပ်စုတိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သမိုင်းဝင် ဘုန်းကြီးကျောင်းဆောင်တွေနဲ့အတူ အလယ်တန်းကျောင်းဆောင်အချို့ ပြိုကျပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်း အဆိုပါကျောင်းမှာ စစ်အုပ်စုရဲ့ ပညာရေးယန္တရား ရပ်ဆိုင်းသွားခဲ့သော်လည်း၊ ဒေသခံမိဘတွေနဲ့ ကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာန (KECD)၊ CDM လူထုအခြေပြု ဆရာ၊ ဆရာမတွေ ပူးပေါင်းကာ ကလေးငယ်တွေ ပညာမပြတ်စေဖို့အတွက် စိုးရိမ်ထိတ်လန့်မှုတွေကြားကနေပင် အတတ်နိုင်ဆုံး ကြိုးပမ်းဖွင့်လှစ်ခဲ့ကြပါတယ်။
သို့သော်လည်း ၂၀၂၄ ခုနှစ် လေကြောင်းတိုက်ခိုက်မှု ခံရပြီးနောက်ပိုင်းမှာတော့ ထီးဖိုးစံကျေးရွာရှိ ဒေသခံပြည်သူတွေဟာ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး၊ လက်ရှိ ၂၀၂၆ ခုနှစ်အထိ ကျေးရွာအတွင်း ပုံမှန်ခြေချနေထိုင်သူ မရှိတော့ဘဲ စစ်ရှောင်စခန်းတွေနဲ့ ဘေးလွတ်ရာ တောတောင်တွေထဲမှာ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။
“ကျွန်မတို့ ထီးဖိုးစံကျောင်းက ဘုန်းကြီးကျောင်းနဲ့ အုတ်တံတိုင်းပဲ ခြားတာ။ အဲဒီတုန်းက လေယာဉ်နဲ့ ဗုံးကြဲချသွားတာ ကျောင်းဆောင်တွေရော၊ ဘုန်းကြီးကျောင်းရော အကုန်ပျက်စီးကုန်တယ်။ အဲဒီကတည်းက ရွာထဲမှာ ဘယ်သူမှမနေရဲတော့ဘဲ ရွာလုံးကျွတ် စစ်ပြေးကြရတာ အခု ၂၀၂၆ အထိပဲ။ မိခင်ကျောင်းကြီးလည်း ဘယ်လိုမှ ပြန်မဖွင့်နိုင်တော့ဘူး။ ကလေးတွေလည်း တောထဲကနေရာနဲ့ စစ်ရှောင်စခန်းတွေက ယာယီကျောင်းတွေမှာပဲ ဖြစ်သလို လိုက်တက်နေရတယ်” လို့ ဒေသခံရွာသားတစ်ဦးက ဆိုပါတယ်။
လက်ရှိ မိုးရာသီကာလအတွင်း ထီးဖိုးစံရွာကနေ စစ်ဘေးရှောင်လာရတဲ့ ကျောင်းသား၊ ကျောင်းသူ အပါအဝင် အနီးနားကျေးရွာတွေက စစ်ရှောင်ကလေးငယ်အများအပြားဟာ စစ်ရှောင်စခန်းတွေရှိ ဝါးအမိုးအကာ၊ မိုးကာဖျင်တွေနဲ့ ဆောက်လုပ်ထားတဲ့ ယာယီစာသင်ဆောင်တွေမှာ ပညာသင်ကြားနေရတာ ဖြစ်ပါတယ်။
သူတို့ဟာ အိုးအိမ်စွန့်ခွာပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ကြရတာကြောင့် ကလေးငယ်တွေအတွက် အခြေခံကျောင်းသုံး ဗလာစာအုပ်၊ ဖတ်စာအုပ်နဲ့ ခဲတံ၊ ပေတံ စတဲ့ စာရေးကိရိယာတွေ လုံးဝမလုံလောက်ဘဲ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
“စစ်ရှောင်စခန်းတွေက ယာယီဝါးတဲကျောင်းတွေမှာ ကလေးတွေ စာတော့သင်နေရတယ်၊ ဒါပေမဲ့ စာရေးကိရိယာက အသက်တမျှ လိုအပ်နေတာပါ။ မိဘတွေက သားသမီးတွေကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆွဲပြေးခဲ့ရတော့ စာအုပ်၊ ခဲတံ ဘာမှပါမလာဘူး။ အလှူရှင်တွေ ပေးတာလေးနဲ့ မျှသုံးနေရပေမဲ့ အခု မိုးရာသီအထိ ကလေးတွေမှာ စာအုပ်က လုံးဝမလုံလောက်ဘူး။ ခဲတံတိုလေးတွေကိုတောင် တစ်ယောက်တစ်လှည့် မျှသုံးပြီး စာရေးနေရတဲ့အထိ ကလေးတွေ ခက်ခဲနေကြတယ်” လို့ ဒေသတွင်း စစ်ရှောင်ကူညီပေးနေသူတစ်ဦးက ပြောပြပါတယ်။
လက်ရှိမှာ ထီးဖိုးစံကျေးရွာနဲ့ အနီးနားကျေးရွာတွေက ကလေးငယ်တွေဟာ စစ်ပွဲဘေးအန္တရာယ်ကြောင့် မိခင်စာသင်ကျောင်းနဲ့ ဝေးကွာနေရတဲ့အပြင်၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခံရမှုနဲ့ စာရေးကိရိယာ ပြတ်လပ်မှုတွေကြောင့် ကလေးငယ်တွေရဲ့ အနာဂတ်ပညာရေးအတွက် မိဘတွေနဲ့ ဒေသခံတွေက အလွန်စိုးရိမ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ကော့ကရိတ်မြောက်ပိုင်း၊ လှိုင်းဘွဲမြို့နယ် တစ်နေရာမှ စစ်ရှောင်ကလေးငယ်များတွေ့ရစဥ်။
