မင်းတပ်မြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေ ပျံ့နှံ့နေပြီး အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

Author CJ Platform
Categories
Published on Jun 27, 2026

ချင်းပြည်၊ မင်းတပ်မြို့နယ်မှာ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေကြား ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အရေပြားယားနာတွေ တစ်ကျော့ပြန် ပျံ့နှံ့ဖြစ်ပွားနေတာကြောင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေ ချက်ချင်းလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ရောဂါကူးစက်မှုတွေကို ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစတင်ပြီး တိုက်နယ်အမှတ် (၁) ဒေသမှာ စတင်တွေ့ရှိခဲ့တာဖြစ်ကာ၊ လက်ရှိအချိန်မှာတော့ ကူးစက်မှုနှုန်း တဖြည်းဖြည်း မြင့်တက်လာနေတယ်လို့ သိရပါတယ်။

 

ရောဂါဖြစ်ပွားသူတွေဟာ ဗိုက်နာတာ၊ ဖျားနာတာနဲ့ ပြင်းထန်စွာ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေကို အဓိက ခံစားနေကြရပြီး ရောဂါဝေဒနာ ခံစားရမှုမှာလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

 

“အစက ဗိုက်နာတယ်၊ ဖျားတယ်ဆိုပြီး ထမင်းမစားဘဲ နေကြတာပါ။ နောက်မှ ဝမ်းလျှောတာ မရပ်တော့ဘူး။ ဓာတ်ဆားရည်လည်း မသောက်နိုင်ကြတော့ဘူး။ နီးစပ်ရာ ဆေးခန်းသွားမှ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတာလို့ သိရတယ်” လို့ ဆေးကုသမှု ခံယူနေရတဲ့ လူနာတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိ မင်းတပ်မြို့နယ်အတွင်းမှာ စစ်အုပ်စုတပ်ဖွဲ့တွေရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ရပ်တန့်ခြင်းမရှိသေးဘဲ၊ အဲဒီလိုမျိုး စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံအများစုဟာ နေရပ်စွန့်ခွာပြီး တောတောင်နဲ့ လျှိုမြောင်တွေအတွင်း ခိုလှုံစစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။

 

ဒီလိုမျိုး စစ်ဘေးရှောင်နေရခြင်းဟာ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာနေတာပါ။

 

တောတောင်တွေအတွင်း ခိုလှုံနေရတဲ့ စစ်ဘေးရှောင်တွေဟာ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ အစားအစာတွေကို လုံလောက်စွာ မရရှိကြသလို၊ ယင်လုံအိမ်သာ အသုံးပြုနိုင်မှု မရှိခြင်းက ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုမြန်ဆန်စေတဲ့ အဓိကအကြောင်းအရင်း ဖြစ်တယ်လို့ သိရပါတယ်။

 

“ကလေးတွေကအစ လူကြီးတွေအထိပါ ကူးစက်လာနေတာပါ။ တောတောင်ထဲမှာ ဖြစ်နေတော့ ဆေးဝါးလည်း မလုံလောက်ဘူး။ တချို့နေရာတွေမှာ အရေပြားယားနာတွေပါ ဖြစ်နေတော့ အတော်လေးကို အခက်အခဲ တွေ့နေရတယ်” လို့ အခြားမင်းတပ်မြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။

 

စစ်ရေးပဋိပက္ခတွေကြောင့် လိုအပ်တဲ့ ဆေးဝါးတွေနဲ့ ကျန်းမာရေး အကူအညီတွေဟာ တောတောင်တွေအတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေဆီကို အချိန်မီရောက်ရှိဖို့ အလွန်တရာ ခက်ခဲနေတာ ဖြစ်ပါတယ်။

 

ဝမ်းလျှောပါက ဓာတ်ဆားရည်ကို စနစ်တကျ ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပေမဲ့လည်း၊ အခြေအနေ ဆိုးရွားလာတဲ့ လူနာတွေအနေနဲ့ နီးစပ်ရာ ကျန်းမာရေးဆေးခန်းတွေကို သွားရောက်ပြသဖို့ လမ်းခရီး အခက်အခဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။

 

လက်ရှိအခြေအနေမှာ ဒေသတွင်းရှိ ပြည်သူတွေရဲ့ ကျန်းမာရေးအခြေအနေဟာ တဖြည်းဖြည်းနဲ့ စိုးရိမ်ဖွယ်ရာ ဖြစ်လာနေပြီး၊ လုံလောက်တဲ့ ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အမြန်ဆုံး မရရှိပါက ရောဂါကူးစက်မှုတွေဟာ ဒီထက်မက ပိုမိုဆိုးရွားလာနိုင်ကြောင်း စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့

CJ 005