စစ်သား ၁၀၀ မှာ ၉၉ ဦးခန့် မူးယစ်ဆေးသုံးပြီး စစ်တိုက်နေတာလို့ စစ်သုံ့ပန်း ထွက်ဆို
ရခိုင်ပြည်နဲ့ မကွေးတိုင်းအစပ် မင်းတုန်းမြို့နယ်အတွင်း တိုက်ပွဲမှာ အရက္ခတပ်တော် AA ထံ ဖမ်းဆီးခံခဲ့ရတဲ့ စစ်အုပ်စုတပ်သားတစ်ဦးက တိုက်ပွဲဝင်စစ်သား ၁၀၀ မှာ ၉၉ ဦးခန့်ဟာ မူးယစ်ဆေးဝါးသုံးစွဲပြီး တိုက်ခိုက်နေကြတယ်လို့ ထွက်ဆိုထားမှုကို AA က စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
အဆိုပါ စစ်သားဟာ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ ခလရ (၂၅၂) တပ်ရင်းက တပ်သား ရန်ငြိမ်းအောင် ဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်ညမှာ အမြင့်ကျွန်းကျေးရွာနဲ့ မင်းချောင်းတံတားအနီး ရှေ့ပြေးကင်းဆောင်ရွက်နေစဉ် AA ထံ ဖမ်းဆီးခံခဲ့ရတယ်လို့ AA က ပြောပါတယ်။
တပ်သား ရန်ငြိမ်းအောင်က စစ်အုပ်စုတပ်အတွင်း မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး တိုက်ပွဲဝင်နေကြရသလို အဆိုပါမူးယစ်ဆေးတွေကို ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ရောင်းချတာတွေ ရှိတယ် လို့ ထွက်ဆိုထားပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း ရန်သူကိုတွေ့ရင် ပစ်ခတ်ဖို့၊ သတ်နိုင်သလောက် သတ်ဖို့နဲ့ ဒဏ်ရာပြင်းထန်ပြီး ကုသလို့မရတဲ့ စစ်သားတွေကို ရန်သူ့လက်ထဲ မပါသွားအောင် သတ်ပစ်ဖို့ အမိန့်ပေးခံရတယ် လို့လည်း သူက ပြောထားပါတယ်။
အထက်အရာရှိတွေဟာ ဒဏ်ရာရစစ်သားတွေအတွက် တာဝန်ယူမှုမရှိဘဲ အခွင့်အရေးတွေ မရရှိကြောင်းနဲ့ ကျန်ရှိနေတဲ့ စစ်သားတွေကို အခွင့်အရေးရရင် ထွက်ပြေးကြဖို့ တိုက်တွန်းချင်တယ် လို့လည်း တပ်သား ရန်ငြိမ်းအောင်က ပြောထားပါတယ်။
အထက်ပါ မူးယစ်ဆေးဝါးသုံးစွဲမှုဆိုင်ရာ အချက်အလက်တွေဟာ AA ရဲ့ ထုတ်ပြန်ချက်နဲ့ စစ်သုံ့ပန်းတစ်ဦးရဲ့ ထွက်ဆိုချက်သာ ဖြစ်ပြီး CJ Platform အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဓာတ်ပုံ – AA
