မွန်မှာ ထိုင်းကုန်ပစ္စည်း ပါဆယ်ပို့ခွင့်ကန့်သတ်လို့ ကုန်ပြတ်လပ်
မွန်ပြည်မှာ ထိုင်းနိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို တခြားဒေသတွေဆီ ပါဆယ်နဲ့ သယ်ယူပို့ဆောင်ခွင့် စစ်အုပ်စုက ကန့်သတ်ထားတာကြောင့် ကုန်ပစ္စည်းပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေ ကြုံနေရတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။
လက်ရှိမှာ ထိုင်းကုန်ပစ္စည်းတွေကို စစ်ဆေးရေးဂိတ်တွေမှာ တင်းကျပ်စွာ စစ်ဆေးတာ၊ သိမ်းဆည်းတာနဲ့ ငွေကြေးတောင်းခံတာတွေ ရှိနေသလို ကုန်သွယ်ရေးနဲ့ ပါဆယ်ပို့ဆောင်ခွင့်ပါ ကန့်သတ်ခံထားရတယ်လို့ ယာဉ်မောင်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
“မြဝတီကနေ သထုံကို ပစ္စည်းပို့ဖို့ ဘယ်ကားမှ လက်မခံတော့ဘူး။ မှန်လုံကားနဲ့ တခြားကားတွေရော လူကိုယ်တိုင် သယ်မှရတယ်။ ဒါတောင် အများကြီး သယ်လို့မရဘူးလို့ ပြောတယ်။ အရင်က မြဝတီဂိတ်မှာ ကားတွေအများကြီးရှိတယ်။ အခု ဘာကားမှ မရှိတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုအချိန်မှာ ဘားအံကနေ ကုန်ပစ္စည်းတွေကို လူကိုယ်တိုင် နည်းနည်းစီ သယ်ယူပြီး ရောင်းချနေရတဲ့အခြေအနေ ဖြစ်နေပြီး ကုန်စည်သယ်ယူပို့ဆောင်ရေး ကန့်သတ်မှုတွေကြောင့် ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ သထုံမြို့က ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
“ပို့ခွင့်ပိတ်ထားတာ တစ်ပတ်လောက်ရှိပြီ။ အခု သထုံက စားသောက်ကုန် လက်ကားဖြန့်တဲ့ ဂိုဒေါင်တွေမှာ ဘာမှမရှိတော့ဘူး။ အချိုရည်တောင် မရတော့ဘူး” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ကြက်ဥတစ်လုံး ၆၀၀ ကျပ်၊ မားမားခေါက်ဆွဲတစ်ထုပ် ၁,၀၀၀ ကျပ်နဲ့ ကော်ဖီမစ်တစ်ထုပ် ၇၀၀ ကျပ်အထိ ဈေးတက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထိုင်းကုန်ပစ္စည်းတွေ တင်သွင်းရာမှာ လိုင်စင်လိုအပ်ချက်တွေ တင်းကျပ်လာတာနဲ့အတူ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လာတာကြောင့် ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ဖြစ်ပေါ်နေတယ် လို့ သိရပါတယ်။
တစ်ဖက်မှာတော့ စက်တင်ဘာ ၂၁ ရက် အလုပ်ရုံဆွေးနွေးပွဲမှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ကုန်ဈေးနှုန်းမြင့်တက်တာဟာ ဂိတ်ကြေးတွေကြောင့်လည်း ဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပြီး ကုန်ဈေးနှုန်းကျဆင်းစေဖို့ ထုတ်လုပ်မှုမြှင့်တင်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
