စစ်အုပ်စု ပြန်လည်စိုးမိုးပြီးနောက် သင်္ကန်းညီနောင်တစ်ဝိုက်ရှိ ဒူးရင်းသီးစိုက်တောင်သူတွေ အရှုံးပေါ်
ကရင်ပြည်၊ မြဝတီမြို့နယ်၊ ကေအဲန်ယူ တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ သင်္ကန်းညီနောင်မြို့သစ်အနီးရှိ ဒူးရင်းသီး အဓိကစိုက်ပျိုးရာ နို့ဖိုးကျေးရွာတစ်ဝိုက်မှာ စစ်ရေးနဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ဒေသထွက် ဒူးရင်းသီးစိုက်ပျိုးသူ တောင်သူတွေ အရှုံးပေါ်ကာ စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ယခင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေစိုးမိုးထားစဉ်က လမ်းကြောင်းတွေ ပွင့်လင်းပြီး ဒေသတွင်း အရောင်းအဝယ် ကောင်းမွန်ခဲ့တာကြောင့် ခြံထွက်ဒူးရင်းသီး အလုံးလတ် (၃) လုံးလျှင် မိမိတို့ကျေးရွာအတွင်း၌ပင် မြန်မာငွေ ကျပ် ၅၀,၀၀၀ (၁ ကီလိုလျှင် ပျမ်းမျှ ၇,၀၀၀ ကျပ်အထက်) အထိ အသားတင်ဈေးကောင်း ရရှိခဲ့တယ်လို့ ဒေသခံတောင်သူတစ်ဦးက ဆိုပါတယ်။
အဲဒီ ဒေသခံက “အခု စစ်အုပ်စုက နယ်မြေပြန်ယူတော့ အပြင်ကို သယ်ယူရောင်းချဖို့က အရမ်းခက်ခဲသွားပြီ။ ရွာထဲမှာ လူနေထိုင်မှုကလည်း နည်းနည်းပဲကျန်တော့ တစ်ယောက်တလေပဲ ဝယ်စားကြတယ်။ အကုန်လုံးနီးပါးက ဒူးရင်းသီးစိုက်ပျိုးကြတာလေ။ လက်ရှိမှာတော့ တစ်ကီလိုကို ထိုင်းဘတ် ၃၅ ဘတ်ကနေ ၄၀ ဘတ်လောက်ပဲ အများဆုံးရတော့တယ်။ အရင်က ရောင်းလို့မလောက်ဘူး၊ အခုကတော့ ဈေးလျှော့ရောင်းနေရတယ်” လို့ ပြောပြပါတယ်။
ယခင်က ဒေသတွင်းစီးပွားရေး ပုံမှန်လည်ပတ်နိုင်ခဲ့သော်လည်း စစ်အုပ်စုဘက်က နယ်မြေပြန်လည်စိုးမိုးဖို့ ကြိုးပမ်းလာပြီးနောက် အဓိကကျတဲ့ မြဝတီ – ရန်ကုန် အာရှလမ်းမကြီးမှာ လုံးဝပိတ်ဆို့သွားခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာ ကုန်သည်တွေနဲ့ တောင်သူတွေဟာ လမ်းဟောင်းနဲ့ တောင်ပေါ် ကွင်းကလေးလမ်း သို့မဟုတ် ကြက်ဥတောင် လမ်းကြမ်းတွေကိုသာ အားကိုးနေရပြီး၊ လမ်းခရီးတိုလေးအတွင်း၌ပင် စစ်အုပ်စု၊ KNA (BGF) နဲ့ အခြားသော လက်နက်ကိုင်အဖွဲ့စုံရဲ့ ဝါးတားဂိတ်ပေါင်း ၄၀ ကျော်ကို ဖြတ်သန်းနေရတယ်လို့ ကုန်တင်ကားမောင်းသူတစ်ဦးက ဆိုပါတယ်။
သူက “လမ်းပန်းဆက်သွယ်ရေးကမကောင်း၊ ခရီးကြန့်ကြာမှုတွေကြောင့်လည်း ပြောရမှာပေါ့။ အသီးတွေ လမ်းမှာ ပုပ်ပျက်တာတွေရှိတယ်။ ဂိတ်ကြေးနဲ့ အခွန်ကြေးတွေကို အဆမတန် ပေးရတာတွေရှိတယ်။ ဒူးရင်းသီးက ပိုဆိုးတယ်။ လမ်းမှာအနံ့ထွက်တော့ အဲဒီလောက်အထိ မသယ်ကြဘူး။ အဲဒီဘက်က ဒူးရင်းသီးတွေ သယ်ဆောင်တာ မတွေ့ရသလောက် အတော်လေး ရှားသွားပြီ။ ကားခက Light Truck ၆ ဘီးအသေး၊ ပရိုဘောက် (Probox) နဲ့ အန်စာတုံးကားတွေနဲ့ စုပေါင်းသယ်ရင်တောင် မြန်မာငွေ ၇ သိန်းကနေ ၁၀ သိန်းအထိ ပေးရမယ်ဆိုတော့ စိုက်ပျိုးတဲ့သူအတွက်က ဘယ်လိုမှမကိုက်ဘူးလေ” လို့ ရှင်းပြပါတယ်။
ထိုသို့ သယ်ဆောင်စရိတ်နဲ့ ဂိတ်ကြေးပေါင်းလျှင် ကျပ် ၇ သိန်းမှ ၁၂ သိန်းအထိ ကုန်ကျနိုင်တာကြောင့် နို့ဖိုးကျေးရွာရှိ ဒူးရင်းစိုက်တောင်သူတွေဟာ ပြည်တွင်းရှိ မြို့ကြီးတွေဆီကို မရောင်းချရတဲ့အပြင်၊ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ရံဖန်ရံခါ သွားရောက်ရောင်းချကြသော်လည်း အဆင်မပြေဖြစ်နေရတယ်လို့ မဲဆောက်သို့ သယ်ယူရောင်းချဖူးသူတစ်ဦးက ဆိုပါတယ်။
သူက “ဒီထိုင်းဘက် လာရောင်းရလည်း အဆင်မပြေပါဘူး။ ကိုယ့်ဗမာသီးတွေက အလုံးလှတယ်ဆိုပေမဲ့ ဟိုဘက်မှာက မွန်ထောင်းတို့လို၊ ချန်နီတို့လို သူတို့ထိုင်းထွက် အသီးတွေက ရှိပြီးသား။ ကိုယ်က ရွာကနေမထွက်ခင် ဘယ်လောက်ပဲ အဆင်ပြေတဲ့အသီး ရွေးခူးထားခူးထား ဈေးကွက်မသိတော့ ဒိုင်တွေက တစ်ကီလိုကို ၄၀ ဘတ်ပဲ ပေးတယ်။ သူတို့ ပြန်ရောင်းရင် ၆၀ ကနေ ၈၀ ဘတ်အထိ ရတာလေ။ ကိုယ်က သယ်လာတဲ့လမ်းမှာတင် ဝါးတားဂိတ်တွေက တစ်ကားကို မြန်မာငွေ ၅,၀၀၀ ကျပ်ကစပြီး ကောက်တာ။ တချို့ဂိတ်ဆို အသီးပါ တောင်းယူကြသေးတယ်။ ဘယ်လိုမှ အဆင်မပြေပါဘူး၊ အရင်က ရွာမှာတင် နေရင်းထိုင်ရင်း ရောင်းရတာ” လို့ ပြောပါတယ်။
အသီးပြန်ရောင်းရငွေ နည်းပါးနေသော်လည်း တစ်ဖက်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဒူးရင်းသီးခူးပြီးနောက် အပင်ပြန်လည်မွမ်းမံပျိုးထောင်ဖို့အတွက် (ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာနဲ့ မှိုသတ်ဆေးဖျန်းခြင်းအပါအဝင်) တစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်မှုစရိတ် မြန်မာငွေ ၁၂ သိန်းကျပ် (သို့မဟုတ် ထိုင်းဘတ် ၁၀,၀၀၀) ဝန်းကျင်အထိ ကုန်ကျနေတာကြောင့် တောင်သူတွေမှာ ရှေ့ဆက်ဖို့ ခက်ခဲနေကြတာ ဖြစ်ပါတယ်။
သင်္ကန်းညီနောင်ဒေသကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်၊ မတ်လမှာ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလအစောပိုင်းမှာ ဗျူဟာကုန်းနဲ့ တပ်ရင်းတွေကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သို့သော်လည်း တစ်နှစ်ကျော်အကြာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းစုံညှပ်ကာ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် သင်္ကန်းညီနောင်နဲ့ အာရှလမ်းမကြီးတစ်လျှောက်ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်သွားခဲ့ခြင်း ဖြစ်ပါတယ်။ ထိုအချိန်ကစပြီး ဒေသခံတောင်သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေမှာလည်း လုံးဝပျက်စီးကာ ဆုံးရှုံးမှုကြီးစွာနဲ့ ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – CJ
