သွင်းအားစုစရိတ် ကြီးမားမှုကြောင့် ရခိုင်က တောင်သူတွေ လယ်ဧကအနည်းငယ်ကိုသာ စိုက်ပျိုးနိုင်

Author CJ Platform
Categories
Published on Jun 27, 2026

ရခိုင်ပြည်အတွင်းရှိ တောင်သူပြည်သူတွေဟာ သွင်းအားစုစရိတ်တွေ အဆမတန်ကြီးမားနေတာကြောင့် လယ်ဧကအနည်းငယ်ကိုသာ စိုက်ပျိုးနိုင်တော့ကြောင်း တောင်သူတွေဆီကနေ သိရပါတယ်။

 

လယ်ယာထွန်ယက်စိုက်ပျိုးရာမှာ မရှိမဖြစ်အသုံးပြုရတဲ့ ဓာတ်မြေဩဇာ၊ လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုတွေအပြင်၊ လုပ်သားရှားပါးတာနဲ့ လုပ်သားခဈေးနှုန်း မြင့်တက်လာတာတွေကြောင့် လယ်ယာအနည်းငယ်ကိုသာ ထွန်ယက်စိုက်ပျိုးနိုင်ကြတော့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် လယ်ယာကနေ ထွက်ရှိတဲ့ ကောက်ပဲသီးနှံတွေဟာလည်း ဈေးကောင်းမရရှိတာကြောင့် ကုန်ကျခဲ့တဲ့ သွင်းအားစုစရိတ်တွေအတွက် စိုက်ပျိုးစရိတ် ငွေကြေးအခက်အခဲတွေနဲ့ ထပ်မံရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

 

“ဆီဈေးကလည်း မနှစ်တုန်းကအတိုင်းပါပဲ။ ကျသွားတာမျိုးမရှိဘူး။ သိုလှောင်ထားတဲ့ ဆန်၊ စပါးတွေကလည်း ဈေးကောင်းမရဘူး။ ပြီးတော့ လုပ်သားတွေ ရှားပါးလာတော့ သွင်းအားစုစရိတ်တွေက ပိုများလာတယ်။ အရင်တုန်းကလို လယ်ဧကအများကြီး မစိုက်ပျိုးနိုင်တော့ဘူး။ လယ်ဧက လျှော့စိုက်နေရတယ်” လို့ မြောက်ဦးမြို့နယ်မှ ဒေသခံတောင်သူတစ်ဦးက ပြောပြပါတယ်။

 

ရခိုင်ပြည်နယ်အတွင်းမှာ တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားချိန်ကစပြီး စစ်အုပ်စုဟာ ရခိုင်ဒေသသို့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းတွေအားလုံးကို ပိတ်ဆို့ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီလိုမျိုး ကုန်စည်လမ်းကြောင်း ပိတ်ဆို့မှုတွေကြောင့် ရခိုင်ဒေသမှာ ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန်မြင့်တက်ခဲ့ရသလို၊ အလုပ်အကိုင် ရှားပါးမှုပြဿနာတွေကိုပါ ပြင်းထန်စွာ ကြုံတွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။

 

အခုလိုမျိုး သွင်းအားစုစရိတ် ကြီးမားမှုနဲ့ စက်သုံးပစ္စည်းတွေ ဈေးနှုန်းမြင့်တက်မှုတွေကြောင့် နောက်ဆုံးမှာ လယ်ယာစိုက်ပျိုးရေးအလုပ်ကို စွန့်လွှတ်ပြီး၊ တခြားသောအလုပ်အကိုင်တွေကို ပြောင်းလဲလုပ်ကိုင်နေရတဲ့ တောင်သူတွေလည်း ရှိလာနေပါတယ်။

 

“သွင်းလိုက်ရတဲ့ ငွေကြေးပမာဏနဲ့ ပြန်ရလာတဲ့ ပမာဏက မကိုက်တော့ဘူး။ ဥပမာပြောရရင် သိန်း ၁၀၀ သွင်းလိုက်လို့ရှိရင် ကျပ် ၇၀ သိန်းလောက်ပဲ ပြန်ရတဲ့သဘောမျိုးပေါ့။ တစ်နှစ်ထက်တစ်နှစ် အကြွေးတင်တာတွေ များလာတော့ လယ်ယာအလုပ်ကို စွန့်ပြီး တခြားအလုပ်ကိုပဲ ပြောင်းလုပ်နေရတယ်” လို့ မင်းပြားမြို့နယ်မှ ဒေသခံတစ်ဦးက ဆိုပါတယ်။

 

တစ်ဖက်မှာလည်း စစ်အုပ်စုရဲ့ ကုန်စည်လမ်းကြောင်း ပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် ရခိုင်က ပြည်သူတွေဟာ အိန္ဒိယနိုင်ငံကနေ ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကိုသာ အဓိကမှီခိုအားထား သုံးစွဲနေကြရတာ ဖြစ်ပါတယ်။

 

လက်ရှိမှာ မိုးရာသီ ရောက်ရှိလာတာကြောင့် ကုန်လမ်းကြောင်းတွေ သွားလာရ ပိုမိုအခက်အခဲဖြစ်ပေါ်နေပြီး၊ ကုန်စည်အချို့ဟာလည်း ယခင်ထက် ဈေးနှုန်းပိုမိုမြင့်တက်မှုတွေ ရှိနေကြောင်း စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – CJ

CJ 008

 

 

Related News

Depend on news