မြန်မာ့ ပထမဆုံးသမ္မတကြီး စဝ်ရွှေသိုက် မလုပ်ဆောင်နိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးကို မိမိအစိုးရလက်ထက်တွင် လုပ်ဆောင်နိုင်ကြောင်း ကိုယ်တိုင်ခန့်သမ္မတပြော

Author CJ Platform
Categories
Published on Jun 27, 2026

မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတကြီး စဝ်ရွှေသိုက်ရဲ့ မိန့်ခွန်းနဲ့ နိုင်ငံရေးစနစ် ရွေးချယ်မှုတွေကြောင့် သမိုင်းတစ်လျှောက် လက်နက်ကိုင်လမ်းစဉ်နဲ့ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ရပေမဲ့၊ မိမိတို့ တာဝန်ယူတဲ့အချိန်မှာ အခုလိုမျိုး ဖြစ်စဉ်တွေ မဖြစ်အောင် ဆင်ခြင်ဆောင်ရွက်နိုင်ပြီး တိုင်းပြည်ငြိမ်းချမ်းအောင် လုပ်ဆောင်နိုင်တယ်လို့ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က ကိုယ့်ကိုယ်ကိုယ် အမွမ်းတင် ပြောကြားလိုက်ပါတယ်။

 

ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ဗဟိုကော်မတီဥက္ကဋ္ဌ မင်းအောင်လှိုင်က တက်ရောက်အမှာစကား ပြောကြားရာမှာ အဲဒီလိုမျိုး ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

မင်းအောင်လှိုင်က သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ပြောကြားရာမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးချိန် ပါလီမန်စနစ်နဲ့ ဆောင်ရွက်စဉ်က ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းတွေအကြား လိုလားချက် ဝိဝါဒ ကွဲပြားမှုတွေ ရှိခဲ့ကြောင်း ဆိုပါတယ်။

 

အဲဒီအချိန်က အခြေခံဥပဒေမှာ ဆိုရှယ်လစ်စနစ်ကို သွားဖို့ တိုက်ရိုက်ရေးဆွဲထားခြင်း မရှိခဲ့သော်လည်း၊ ပထမဆုံးသမ္မတကြီး စဝ်ရွှေသိုက်ရဲ့ မိန့်ခွန်းမှာ ဆိုရှယ်လစ်စနစ်ကို သွားဖို့ ထည့်သွင်းပြောကြားခဲ့တာတွေ ရှိခဲ့ကြောင်း ပြောပါတယ်။

 

အဲဒီလိုမျိုး ဆိုရှယ်လစ်စနစ် သွားမယ့်အပေါ် ဆန့်ကျင်ဘက်အမြင် ရှိသူတွေဟာ သူတို့ရဲ့ လိုလားချက်တွေ မရရှိနိုင်ဘူးဟု ဆိုကာ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြတာ ဖြစ်ကြောင်း ပြောကြားပြီး၊ ဒါဟာ သမိုင်းတွင် ဖြစ်ပေါ်ခဲ့တဲ့ လေ့လာသင့်တဲ့ ကိစ္စရပ်တွေ ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

ခေတ်အဆက်ဆက်မှာ အဆိုပါ နိုင်ငံရေးအငြင်းပွားမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို မပြီးဆုံးနိုင်ဘဲ ရှိနေသော်လည်း၊ မိမိတို့ အစိုးရတာဝန်ယူတဲ့ အချိန်တွင်မူ ယခုကဲ့သို့သော ဖြစ်စဉ်မျိုး မဖြစ်အောင် ဆင်ခြင်ဆောင်ရွက်နိုင်စွမ်းရှိကြောင်း မင်းအောင်လှိုင်က ကိုယ်တိုင် အမွမ်းတင် ပြောဆိုပါတယ်။

 

ဒါ့အပြင် မင်းအောင်လှိုင်က သူဦးဆောင်တဲ့ စစ်အုပ်စုအစိုးရသစ် တာဝန်ယူတဲ့အချိန်မှာ တိုင်းပြည် ငြိမ်းချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ ၅ နှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ၎င်းအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေအနေနဲ့ တကယ်တမ်း ငြိမ်းချမ်းရေး လိုချင်ပါက ဘာကြိုတင်သတ်မှတ်ချက်၊ ကန့်သတ်ချက်မှမထားဘဲ လာရောက်ဆွေးနွေးဖို့ ထပ်မံဖိတ်ခေါ်ကြောင်းနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဘာပဲဘယ်လောက်ကုန်ကုန် ရအောင်ကြိုးစား လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – Pro-SAC

 

 

Related News

Depend on news