ဖားကန့်၊ ဆိုင်းတောင်မှာ စစ်ကောင်စီနဲ့ KPDF အဖွဲ့ တိုက်ပွဲဖြစ်

Author အညာသား
Categories
Published on Jun 25, 2024

ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်(၃)မှာ ဒီနေ့ ဇွန် ၂၅ ရက် မနက် ၄ နာရီဝန်းကျင်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ KPDF အဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဖားကန့် ဒေသခံများထံမှ သိရပါတယ်။

 

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ ကချင်ပြည်မှာ စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်နေတဲ့ ကချင်ဒေသကာကွယ်ရေးတပ်ဖွဲ့(KPDF)နဲ့ ဆိုင်းတောင်သို့ စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြတာပါ။

 

အဲဒီမှာ ဆိုင်းတောင်တံတားကြီးအနီး ဆေးခန်းအပေါက်ဝနားမှာ လက်နက်ငယ်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ လူအထိအခိုက်မရှိဘူးလို့ သိရပါတယ်။

 

“တိုက်ပွဲဖြစ်တဲ့အချိန်ကတော့ အရမ်းကြီးမကြာပါဘူး။ သေနတ်သံနဲ့ လက်နက်ကြီးသံတွေကတော့ ဖြစ်တဲ့အချိန်တုန်းက ဆက်တိုက်ကြားနေရတယ်။ အခုတော့ အသံသိပ်မကြားရတော့ဘူး” လို့ ဆိုင်းတောင် ရပ်ကွက်(၂)မှာနေထိုင်သူ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

တိုက်ပွဲမဖြစ်ပွားမီ မနေ့ ဇွန် ၂၄ ရက် ည ၁၀ နာရီခန့်က ဆိုင်းတောင်ရပ်ကွက်(၃) တံတားထိပ်မှာ အမည်မသိအဖွဲ့အစည်းတစ်ခုက သေနတ်ပစ်ဖောက်ကာ ကားနဲ့ ဆိုင်ကယ်တွေကို ရပ်တန့် စစ်ဆေးမှုတွေပြုလုပ်ခဲ့သလို လူတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

အဲဒီလို တံတားထိပ်မှာ စစ်ဆေးမှုတွေပြုလုပ်တဲ့အဖွဲ့အစည်းဟာ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကိုတော့ ဒေသခံတွေအနေနဲ့လည်း တိတိကျကျမသိရှိရသေးဘူးလို့ ဆိုပါတယ်။

 

ဆိုင်းတောင်ဒေသခံတွေအနေနဲ့ အခုလို တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာမှာကို စိုးရိမ်ထိတ်လန့်နေတယ်လို့ သိရပါတယ်။