တောင်ကုတ်မှာ စစ်ကောင်စီက နေရာအနှံ့ မိုင်းတွေ ထောင်ထားလို့ ပြည်သူတွေ သတိပြုဖို့လို

Author စကားဝါ
Categories
Published on Jun 24, 2024

ရခိုင်ပြည် တောင်ကုတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက သူတို့ တပ်စွဲထားတဲ့ နေရာတွေနဲ့ ဒေသတွင်း ဆက်သွယ်ရေး လမ်းတွေ၊ တံတားတွေမှာ မိုင်း​တွေတပ်ဆင်ထားတာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုသွားလာဖို့ လိုအပ်တယ်လို့ တောင်ကုတ်မြို့ကို ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က သတင်းပေးပို့လာပါတယ်။

 

ရခိုင်ပြည်အတွင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တောင်ကုတ်မြို့ကို စစ်သည်အင်အားတွေ ထပ်မံတိုးချဲ့နေပါတယ်။

 

“ကိုင်းရှည်တံတားအောက်မှာ မိုင်းတွေဆင်ထားတယ်၊ သူတို့ ထွက်ပြေးရတာနဲ့ မိုင်းခွဲသွားမယ်လို့ သတင်းကြားပါတယ်၊ စည်ပင်လမ်းဆုံမှာလည်း မိုင်းတွေရှိနေတယ်၊ တက္ကသိုလ်အနောက်ဘက်လမ်းတွေ၊ ၅၄၄နဲ့၃၄၆တပ်တွေရှိတဲ့နေရာမှာ ခြံစည်းရိုးတလျှောက် မိုင်းတွေဆင်ထားတယ်၊ လွန်ခဲ့တဲ့ရက်က ဟင်းစားရှာထွက်တဲ့ အမျိုးသမီးတစ်ယောက် မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားတယ်၊ ပြည်သူတွေကို သတိပေးပေးပါ”လို့ CJ Platform ရဲ့ Citizen Journalist က ပြောပါတယ်။

 

စစ်ကောင်စီတပ်တွေဟာ သူတို့ တပ်စခန်းချထားတဲ့ နေရာတွေမှာသာ မိုင်းထောင်တာမဟုတ်ဘဲ တပ်စခန်းစွန့်ခွာထွက်ပြေးရပါက ပြေးလမ်းတွေမှာပါ မိုင်းတွေ တပ်ဆင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ဒီအတိုင်းဆို တောင်ကုတ်က မကြာတော့ဘူး ကျတော့မှာ၊ တောင်ကုတ်တပ်မမှူးက ကဇုကိုင်းမှာ ထိုင်နေတာ၊ ကဇုကိုင်းကျရင် တောင်ကုတ်ကျပြီ၊ သူတို့ကျတာနဲ့ တစ်မြို့လုံးကို မိုင်းခွဲဖျက်ဆီးသွားနိုင်တယ်၊ ဒါ့ကြောင့် သူတို့ တပ်စခန်းချထားတဲ့ နေရာတွေနဲ့ သူတို့ တပ်သွားမယ့် လမ်းတွေကို ပြည်သူတွေကို မသွားစေချင်ဘူး”လို့ သူက ဆက်ပြောပါတယ်။

 

ဒါ့အပြင် တောင်ကုတ်မြို့ကို စစ်ကောင်စီတပ်က ဖြတ်လေးဖြတ်လုပ်ဆောင်ထားတာကြောင့် ဒေသတွင်းမှာ စားနပ်ရိက္ခတွေ ပြတ်တောက်လာနေပါတယ်။ မြို့ပေါ်မှာ ဖောက်ထွင်းခိုးယူမှုတွေက နေ့စဉ်ဆိုသလို ဖြစ်ပေါ်နေပြီးတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဘာမှ အရေးယူလုပ်ဆောင်ပေးတာ မရှိဘူးလို့ သိရပါတယ်။

 

ဓာတ်ပုံ – Internet