ရန်ကုန်မြို့ပတ်ရထားခ နှစ်ဆကျော် တိုးကောက်

Author ကိုထက်
Categories
Published on Oct 24, 2024

ရန်ကုန်မြို့ပတ်ရထားစီးနင်းခတွေကို ပြီးခဲ့တဲ့အောက်တိုဘာလ ၂၀ ရက်နေ့ကစတင်ပြီး အခုသတ်မှတ်ထားတာထက် နှစ်ဆကျော်အထိ ကောက်ခံမယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့မီးရထားဆီကနေ သိရပါတယ်။

ဒါဟာ အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်တိုးမြှင့်မှုဖြစ်ပြီး လာမယ့်နိုဝင်ဘာလအတွင်း စပိန်ကလာတဲ့ DEMU တွဲဆိုင်းအသစ်တွေနဲ့ ပြေးဆွဲပေးမှာကြောင့် အခုလို ထပ်မံတိုးမြှင့်သတ်မှတ်တာဖြစ်တယ်လို့ မြန်မာ့မီးရထား တိုင်း ၇ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အခုသတ်မှတ်လိုက်တဲ့ စီးနင်းခတွေကတော့ အရင် ခရီးစဉ်တစ်ပိုင်း ၂၀၀ ကျပ်ကနေ အခု ၄၀၀ ကျပ်၊ ခရီးစဉ်စ/ဆုံးကို အရင် ၃၀၀ ကျပ်ကနေ အခု ၈၀၀ ကျပ်အထိ တိုးမြှင့်လိုက်တာလို့ စစ်ကောင်စီရဲ့ မြန်မာ့မီးရထားဌာနဆီကနေ သိရပါတယ်။

 

အခုလိုတိုးမြှင့်လိုက်တဲ့အတွက် ဘတ်စ်ကားခ ဈေးကြီးလို့ ရထားနဲ့ အလုပ်သွားအလုပ်ပြန်နေတဲ့ အခြေခံလူတန်းစားတချို့ စရိတ်စကပိုကြီးလာစေလို့ အခက်တွေ့လာရတယ်လို့ ပြောကြပါတယ်။

 

“အခုက ဘတ်စ်ကားခလောက်ဖြစ်သွားပြီ။ ဘတ်စ်ကားခ ဈေးတက်လို့ ဈေးသက်သာတဲ့ ရထားနဲ့ အသွားအပြန်လုပ်ရတာ။ အခုအတိုင်းဆို ဘတ်စ်ကားပဲစီးတော့မှာပေါ့။ ကြိုက်တဲ့အချိန် တက်စီးလို့ရတယ်။ ရထားက လာမယ့်အချိန်ကိုက်ပြီး‌စောင့်ရတာလေ” လို့ အင်းစိန်မြို့နယ်က မြို့ပတ်ရထားစီးပြီး ရုံးတက်နေသူတစ်ဦးက ‌ပြောပါတယ်။

မြို့ပတ်ရထားကို ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်ခင်က နေ့စဥ် စီးသူ ၉၀,၀၀၀ ကျော်ရှိပြီး ကိုဗစ်ကပ်ရောဂါအလွန်နဲ့ အာဏာသိမ်းကာလမှာ စစ်ကောင်စီကို သပိတ်မှောက်သူတွေပါ ရှိလာလို့ နေ့စဥ် စီးသူ ၁၀,၀၀၀ အောက်ပဲ ရှိတော့တယ်လို့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

 

လက်ရှိ မြန်မာ့မီးရထားက စပိန်နိုင်ငံကနေရောက်ရှိလာတဲ့ DEMU တွဲဆိုင်းအသစ်တွေနဲ့ ရန်ကုန် – ပဲခူးရထားလမ်းပိုင်းကို ပြေးဆွဲပေးနေပြီး ရထားအတက်အဆင်း အဆင်မပြေမှုတွေလည်း ရှိနေပါတယ်။

 

လာမယ့်နိုဝင်ဘာလမှာတော့ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာလည်း အဲဒီတွဲဆိုင်းသစ်တွေနဲ့ စတင်ပြေးဆွဲပေးမှာဖြစ်ပြီး ဘူတာတွေအဆင့်မြှင့်တင်တာတွေ စစ်ကောင်စီက ပြုလုပ်နေပါတယ်။

 

ဓာတ်ပုံ – Pro-SAC

 

ပုံစာ – စပိန်ကရောက်လာတဲ့ DEMU ရထားတွဲဆိုင်းသစ်တွေကို သွားကြည့်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်