သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အပြင်းအထန် နှိပ်စက်ခံနေရ

Author CJ Platform
Categories
Published on Mar 02, 2026

စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာနဲ့ ပြန်လွှတ်ပေးနေပေမယ့် ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားများ အပြင်းအထန် နှိပ်စက်ခံနေရတယ်လို့ သာယာဝတီအကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

သာယာဝတီအကျဉ်းထောင်အတွင်းက  နိုင်ငံရေးအကျဉ်းသားတွေဟာ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) နဲ့ တွေ့ဆုံကာ အကျဉ်းသားအခွင့်အရေးတွေ တင်ပြတောင်းဆိုခဲ့ပြီးနောက် အကျဉ်းထောင်အာဏာပိုင်အချို့ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံစားနေကြရတာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့ဟာ သာယာဝတီထောင်ကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်းလိုအပ်ချက်တွေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တင်ပြခဲ့ခြင်းကြောင့် အဆောင် ၈ နဲ့ ၉ က ကိုယ်စားလှယ်အကျဉ်းသား ၃ ဦးကို သာယာဝတီထောင်က ဦးစီးအရာရှိတစ်ဦးက ခေါ်ယူရိုက်နှက်ခဲ့တာလို့ သာယာဝတီထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

နှိပ်စက်မှုတွေအပေါ် အခြားနိုင်ငံရေးအကျဉ်းသားတွေကလည်း စုပေါင်းဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် အကျဉ်းထောင်ဝန်ထမ်းတွေက အဆောင်အတွင်းဝင်ရောက်ကာ တုတ်၊လေးခွစတဲ့ လက်နက်တွေနဲ့ ပစ်ခတ် ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိမှာ ဆန္ဒပြမှုမှာ ပါဝင်တဲ့ အကျဉ်းသားတွေကို ခေါ်ယူကာ ထပ်မံရိုက်နှက်တာတွေနဲ့ တိုက်ပိတ်ခြင်းတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

 

အကျဉ်းသားတွေကို အခုလို နှိပ်စက်မှုတွေကိုတော့ ထောင်ပိုင်ရဲ့ တိုက်ရိုက်အမိန့်မဟုတ်ဘဲ ဦးစီးအရာရှိရဲ့ သဘောထားနဲ့သာ လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

 

ထောင်ပိုင်ဖြစ်သူဟာ အကျဉ်းသားတွေကို ရိုက်နှက်မှုတွေ လုပ်ဆောင်ခြင်းမလုပ်ဖို့ တားဆီးပိတ်ပင်မှုတွေ ရှိနေပေမယ့် အောက်ခြေဝန်ထမ်းတွေက ညဘက်အချိန်တွေနဲ့ ထောင်ပိုင် အနားယူနေချိန်တွေမှာ အဆောင်တွင်း ဝင်ရောက်ကာ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်နှိပ်စက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်