လွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူတွေ၊ သပြေပန်းနဲ့ ကြိုဆိုနေသူတွေကို စောင့်ကြည့်ထားဖို့ စစ်လော်ဘီတွေ လှုံ့ဆော်နေ
စစ်အုပ်စုရဲ့ လော်ဘီချန်နယ်တွေကနေ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာပြီး သပြေပန်းနဲ့ ကြိုဆိုခံရသူတွေ၊ သပြေပန်းနဲ့ ကြိုဆိုနေသူတွေကို စောင့်ကြည့်ထားဖို့ လှုံ့ဆော်နေတာကို တွေ့ရပါတယ်။
စစ်တပ်အာဏာသိမ်းကာလအတွင်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ မတရား ဖမ်းဆီးခံထားရသူတွေနဲ့ တရားစွဲဆိုခံထားရသူ စုစုပေါင်း ၁၉,၈၂၄ ဦးကို အမှုပိတ်သိမ်း လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကော်မရှင်က ဒီနေ့ မတ် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒီနေ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဥပဒေပုဒ်မ ၅၀(ည) နဲ့ ၅၂(က) တို့နဲ့ ဖမ်းဆီးအကျဉ်းကျခံထားရသူ ၇,၃၃၇ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပြုခဲ့တာဖြစ်ပြီး ဒီပြစ်မှုတွေနဲ့ တရားစွဲဆိုခံထားရသူ ၁၂,၄၈၇ ဦးကိုလည်း အမှုပိတ်သိမ်း လွှတ်ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံရပြီး တိမ်းရှောင်သူတွေအပါအဝင် ကြားနာဆဲအမှုပေါင်း ၉,၅၃၂ မှုအထိ ရှိနေတာကို စစ်ကော်မရှင်က အမှုပိတ်သိမ်းခဲ့တာပါ။
ဒါ့အပြင် စစ်ကော်မရှင်က သူတို့ဖမ်းဆီးထားတဲ့ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၀ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ဖော်ပြထားပေမယ့် စွဲဆိုထားတဲ့ ပြစ်မှုတွေကိုတော့ မဖော်ပြထားပါဘူး။
လက်ရှိမှာ အကျဉ်းထောင်အသီးသီးကနေ နိုင်ငံရေးအကျဉ်းသားတွေကို စတင်လွှတ်ပေးနေပြီး အကျဉ်းထောင်အသီးသီးရဲ့ရှေ့မှာ သပြေပန်းနဲ့ စောင့်ကြိုနေသူတွေနဲ့ သပြေပန်းနဲ့ ကြိုဆိုခံရသူတွေကို စောင့်ကြည့်ထားဖို့ စစ်လော်ဘီတွေက လှုံ့ဆော်နေတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၀,၅၃၁ ဦးအထိ ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်အထိ လွတ်မြောက်လာသူ ၇,၇၁၂ ဦးအထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – PPNM
