စစ်ကိုင်းမြို့ပေါ်မှာ Non-CDM ဝန်ထမ်းတွေကိုဝင်ဖမ်းရာကနေ ပစ်ခတ်မှုဖြစ်ပြီး ၅ ဦးသေဆုံး

Author မင်းထက်
Categories
Published on May 22, 2024

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်မှာ Non-CDM ဝန်ထမ်းတွေကို လာဖမ်းရာကနေ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုဖြစ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးနဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း လေးဦးသေဆုံးကြောင်း စစ်ကိုင်းမြို့ခံတွေနဲ့ ကာကွယ်ရေး ရဲဘော်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ပါရမီရပ်ကွက်ထဲက မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနရုံး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန (လဝက)ရုံးတို့က Non-CDM ဝန်ထမ်းတွေကို ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ရောက်ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

 

“PDFတွေက Non တွေကို လာဖမ်းရာကနေ ပစ်ခတ်မှုဖြစ်တာ။ သေတာက ငါးဦးရှိတယ်။ အမျိုးသမီး နှစ်ယောက်၊ အမျိုးသားသုံးယောက်။ ပစ်ခတ်မှုတွေဖြစ်ပြီး လူနာတင်ယာဉ်တွေနဲ့တော့ လာတင်သွားတယ်” လို့ အခင်းဖြစ်ရာအနီးနေထိုင်တဲ့ မြို့ခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အပြီး စစ်ကောင်စီတပ်သားတွေက အခင်းဖြစ်ပွားရာနေရာမှာ လမ်းများပိတ်ဆို့စစ်ဆေးခဲ့သလို အနီးနားက ဈေးဆိုင်တွေပိတ်တာ၊ ဒေသခံတွေ အပြင်မထွက်ရဲဘဲ တံခါးပိတ်နေကြတာတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

 

ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ တောတွင်းတွတ်ပီတပ်ဖွဲ့က Non-CDM ဝန်ထမ်းတွေကို ဖမ်းဆီးပြီး ပြန်အထွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဆိုပါပစ်ခတ်မှုအတွင်း Non-CDM အခွန် ဒု-ဦးစီးမှူး၊ လဝက ဝန်ထမ်း သုံးဦးနဲ့ ရဲဘော် တစ်ဦး သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းက ထုတ်ပြန်ချက်ကိုသာ စောင့်ကြည့်စေလိုတယ်လို့ သူက ပြောပါတယ်။

 

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်မှာ မနေ့ မေလ ၂၁ ရက် ညနေ ၅ နာရီခွဲခန့်မှာ PDF တွေရောက်နေတယ်လို့ သတင်းရတာ‌ကြောင့် လုံခြုံရေးအဖွဲ့တွေက သွားရောက်ရှင်းလင်းခဲ့ရာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF ငါးလောင်းရရှိခဲ့ကြောင်း ရေးသားကြပါတယ်။

 

PDF တွေဆီကနေ MA-13 သေနတ် တစ်လက်၊ Sigsauer P-320 ပစ္စတို တစ်လက်၊ MA-13 ကျည်အိမ် တစ်ခု၊ ပစ္စတိုကျည်အိမ် တစ်ခု၊ ပစ္စတိုကျည် သုံးတောင့်၊ ၉ မမ ကျည် ၁၅ တောင့်၊ ကား တစ်စီး၊ ဆိုင်ကယ် တစ်စီးတို့ကို သိမ်းဆည်းရမိ​တယ်လို့ ဖြန့်ဝေထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်