ပလက်ဝဒေသခံ အမျိုးသမီးတစ်ဦးကို AA တပ်ဖွဲ့ဝင် နှစ်ဦးက အဓမ္မပြုကျင့်

ချင်းပြည် ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာမှာ ဧပြီ ၅ ရက်နေ့ မနက် ၉ နာရီခန့်က အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် နှစ်ဦးက အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး ချောင်းအတွင်း ရေနစ်သတ်ဖို့ကြိုးစားခဲ့တယ်လို့ Global Khumi Organization – GKO နဲ့ ပလက်ဝဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စိမ်းစင်းကျေးရွာက သားသည်မိခင် အသက် ၂၃နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ကျေးရွာအနီး လယ်ကွင်းထဲ ဟင်းရွက်သွားခူးရာမှာ AA တပ်ဖွဲ့ဝင် နှစ်ဦးရဲ့ အဓမ္မပြုကျင့်မှုကို ကြုံတွေ့ခဲ့ရပြီး သူ့ကို ချောင်းအတွင်း ရေးနစ်သတ်ဖို့ ကြံစည်နေချိန်မှာ ယောက္ခမဖြစ်သူက တွေ့ရှိပြီး အော်ဟစ် အကူအညီတောင်းရာက အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
“ သူ့ယောက္ခမက အော်ဟစ်အကူအညီတောင်းလို့ မ—- ကလွတ်တာ။ ဒီမှာက သူတို့တွေကို ကြောက်နေရတာ။ အခုလည်း ရွာထဲကသူတွေနဲ့ သူတို့အိမ်ကို အဆက်အသွယ်လုပ်မရဘူး “ လို့ ဒီအကြောင်းသိရှိသူ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
ဟင်းရွက်သွားခူးချိန် ကြာမြင့်နေလို့ စိုးရိမ်စိတ်အပြင် နှစ်နှစ်အရွယ် မ…….ရဲ့ ကလေးငယ်က ငိုနေတာကြောင့် ယောက္ခမ ဖြစ်သူက သွားရောက်ခေါ်ဆောင်ရာကနေ ချောင်းအတွင်း တပ်ဖွဲ့ဝင်နှစ်ဦးက ခေါင်းနစ်သတ်ဖို့ ကြံစည်နေတာကိုတွေ့ရှိလို့ အော်ဟစ်အကူအညီတောင်းခံခဲ့တာ လို့သိရပါတယ်။
အဲဒီလို အကူအညီအညီတောင်းခံချိန်မှာ မ…….. ကို ရေထဲတွန်းထုတ်ကာ အသက် ၃၀ ဝန်းကျင်ရှိတဲ့ AA တပ်ဖွဲ့ဝင် အရာရှိတစ်ဦးနဲ့ တပ်သားတစ်ဦးတို့က ပြန်ထွက်သွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကျူးလွန်သူ နှစ်ဦးကို အာရက္ခတပ်တော် AA က ထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်တာမျိုး မရှိဘူးသေးဘူးလို့ AAတပ်တော်နဲ့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။
“ တပ်တော်က သူတို့နှစ်ယောက်ကို ထိန်းသိမ်းထားပါတယ်။ အမျိုးသမီးကိုလည်း ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးနေပါတယ်။ အမျိုးသမီးစိတ်အခြေအနေကိုလည်း အားပေးမှုတွေပြုလုပ် ပေးနေပါတယ် “ လို့ သူကပြောပါတယ်။
စိမ်းစင်းကျေးရွာဒေသခံ တစ်ချို့ကတော့ အခုလို နစ်နာသူအမျိုးသမီးကို အာရက္ခတပ်တော်က ကျန်းမာရေးစောင့်ရှောက်တယ်ဆိုတာထက် ကိုယ့်လူမျိုးတွေစောင့်ရှောက်တာဟာ သူမအတွက် စိတ်အခြေအနေ ပိုကောင်းနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးမှာ ခူမီးလူမျိုးတစ်ဦးဖြစ်ကာ သူမရဲ့ ယောင်္ကျားဖြစ်သူဟာ မလေးရှားမှာသွားရောက် အလုပ်လုပ်ကိုင်နေပြီး လက်ရှိမှာ သူမတို့အိမ်ကို ကျေးရွာက ဘယ်သူကမှ သွားရောက်ခွင့်မရှိဘူးလို့လည်း စုံစမ်းသိရှိရပါတယ်။
“ AA အနေနဲ့ နစ်နာသူအမျိုးသမီးအတွက် တရားမျှတမှုရရှိဖို့အတွက် ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကို ထိုက်တန်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ပေးစေချင်ပါတယ် “ လို့ ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲအစည်း Global Khumi Organization – GKO ရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။
ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ဆမီးမြို့မှာရှိတဲ့ ခူမီးအမျိုးသမီးတစ်ဦးကို AA တပ်ဖွဲ့ဝင်တွေက အဓမ္မပြုကျင့်ပြီး သတိမေ့တဲ့အထိ ရိုက်နှက်ကာ သေဆုံးသွားပြီအထင်နဲ့ သစ်ရွက်သစ်ကိုင်းများနဲ့ အုပ်ထားခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့ဖူးတယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် လက်ရှိ အဲဒီအမျိုးသမီးမှာ ခြိမ်းခြောက်ခံနေရပြီး နေရပ်ကလွဲပြီး ဘယ်ကိုမှသွားလာခွင့် မပြုတဲ့အပြင် တခြားမြို့မှာ ဆေးကုသမှုတောင် မပေးဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်