စစ်မှုထမ်းခေါ်ရာမှာ ဥပဒေနဲ့မညီပဲ ငွေကြေးနဲ့စစ်သားစုဆောင်းနေတယ်လို့ ဒုစစ်ခေါင်းဆောင်ဝန်ခံ

စစ်ကောင်စီတပ် အင်အားတောင့်တင်းစေဖို့ စစ်မှုထမ်းဥပဒေပြဌာန်းပြီး တပ်သားသစ်စုဆောင်းရာမှာ ဥပဒေနဲ့မညီပဲ ငွေကြေးနဲ့ တပ်သားသစ် စုဆောင်းနေတယ်လို့ မတ်လ ၂၀ ရက် မနေ့က ကလောတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို နယ်မြေခံ တပ်ခန်းမမှာတွေ့ဆုံစဉ် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပြောကြားလိုက်ပါတယ်။
စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး အဓမ္မဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ ငွေကြေးနဲ့လူစားထိုးရာမှာ ငွေကြေးမသမာမှုတွေဖြစ်လာတာ၊ အိမ်ထောင်စု တစ်ခု မိသားစုတစ်စုကို စစ်မှုထမ်းကြေး ခွဲတမ်းချ ကောက်ခံတာစတဲ့ အကြောင်းအမျိုးမျိုးပြကာ လူငယ်တွေကိုဖမ်းဆီးပြီး စစ်သားစုဆောင်းနေတာကို ရည်ညွှန်းပြီး ဒုစစ်ခေါင်းဆောင်က ပြောခဲ့တာလို့ နားလည်ရပါတယ်။
အဲဒီလို ဥပဒေနဲ့မညီပဲ စုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်းအချို့မှာ အခက်အခဲအကြပ်အတည်းတွေ ဖြစ်ပေါ်လာပြီး အဲဒီပြသနာတွေကို နေ့စဉ်နဲ့အမျှ နိစ္စဓူဝပြသနာအဖြစ် ဖြေရှင်းနေရတယ်လို့ ဒုစစ်ခေါင်းဆောင်က ကလောတပ်နယ်ရှိသူ့တပ်ဖွဲ့တွေကိုပြောခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းခေါ်ဆောင်ရေးအဖွဲ့တွေအနေနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ခြင်းမရှိဘူးလို့လည်း သူက ဝန်ခံထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ အင်အားတောင့်တင်းရန် လိုအပ်လာတာကြောင့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလက ပြဌာန်းထားခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်အသက်သွင်းခဲ့ရတာဖြစ်တယ်လို့ နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ စစ်ကောင်စီရဲ့ ဒုခေါင်းဆောင်က ပြောပါတယ်။
လက်ရှိမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံတဝန်းရှိ လူငယ်များ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင် နေကြသလို ငွေကြေးပေးကာ လူစားထိုးဖို့ဆောင်ရွက်နေတာတွေ ရှိနေတာကြောင့် စစ်ကောင်စီက ပြည်ပထွက်ခွင့်တွေ ကန့်သတ်တာ ညအချိန် စစ်မှုထမ်းဥပဒေဟုဆိုကာ အိမ်ထဲအထိ ဝင်ရောက်ရှာဖွေ ဖမ်းဆီးနေတာတွေ လုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒါ့အပြင် စစ်မှုထမ်းကြေးဟုဆိုကာ တစ်အိမ်ထောင်ကို တစ်သောင်းကျပ် လစဉ်ကောက်ခံနေရာကနေ တချို့နေရာတွေမှာ ငါးသောင်းကျပ်အထိ ထည့်ဝင်နေရပြီး စစ်မှုထမ်းလူငယ်ရှိတဲ့ နေအိမ်ဆိုပါက တစ်သိန်းကျပ်အထိ ထည့်ဝင်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – pro-SAC