တောင်ကုတ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုရှိလာ

Author ပြည်စိုး
Categories
Published on Jun 18, 2024

အာရက္ခတပ်တော် (AA) က ပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ပြီး ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် ဆယ်ကျော်သက်ရွယ် အမျိုးသမီးငယ်နှစ်ဦး အသက်ဆုံးပါးခဲ့ရတယ်လို့ တောင်ကုတ်မြို့ကို ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က သတင်းပေးပို့လာပါတယ်။

 

“မနက်ထဲက လေယာဉ်တွေ ပျံဝဲနေတာပါ၊ ပေါက်ကွဲသံတွေ အဆက်မပြတ်ကို ကြားရတယ်၊ ရွာဘက်တွေ ဖုန်းလိုင်းမရတော့ဘူး၊ ပင်လယ်ဘက်ကို ပြေးတဲ့သူတွေအတွက် စိုးရိမ်ရတယ်၊ ပန်းတင်ကျောက်ဆိတ်ဘက်ကို လက်နက်ကြီးကျတယ်လို့ ကြားတယ်၊ အသိတစ်ယောက်က လှမ်းပို့တယ် ပန်းတင်းတိုက်နယ်မှာ မိန်းကလေးနှစ်ယောက် သေသွားတယ်၊ ဖြစ်ပွားချိန်က ၁၀နာရီ ၂၃မိနစ်မှာပါ”လို့ CJ Platform ရဲ့ Citizen Journalist ကပြောပါတယ်။

 

နောက်ထပ် Citizen Journalist ရဲ့ သတင်းပေးပို့ချက်တွေကတော့ “မနေ့က ကျောက်ဖြူမှာ တိုက်ပွဲဖြစ်တယ်၊ ၁၅ရက်နေ့က ဗုံးကြဲလို့ အရပ်သားတစ်ဦးသေသွားတယ်လို့ ကြားတယ်၊ ဝက်ကျိတ်ရွာသစ်က အသက်(၁၆)နှစ်ပဲ ရှိသေးတဲ့ မောင်အောင်လှိုင်ဝင်း ဝမ်းဗိုက်ဗုံးစထိမှန်ပြီး သေတာလို့ ပြောတယ်၊ တက္ကသိုလ်ထဲ ဗုံးကျပြီး သင်တန်းရေးရာဌာနမှူး ဦးအောင်စိုးနေအိမ်နဲ့ ကားပျက်စီးသွားတယ် ကြားတယ်၊ သတင်းတွေရဖို့က အတော်လေးခက်နေတယ်”လို့ သူက ပြောပါတယ်။

 

ရခိုင်ပြည်နယ်အတွင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ အာရက္ခတပ်တော် (AA)ကို မူးယစ်ဆေးဝါးတွေ လုပ်ဆောင်နေပါတယ်လို့ စွပ်စွဲမှုတွေကိုလည်း သူတို့ရဲ့ ဝါဒဖြန့်ချိရေး ယန္တရားတွေကနေ လုပ်ဆောင်နေခဲ့ပေမယ့် AA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကလည်း ဒါဟာ စစ်ကောင်စီရဲ့ မရိုးသားတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ CJ Platform ကနေတဆင့် ပြန်လည်ဖြေကြား ထားပါတယ်။

 

ဓာတ်ပုံ- ပေးပို့