စစ်ကိုင်းမြို့နယ်ရှိ NUG အကောက်အခွန်ဂိတ်က ပစ်ခတ်မှုကြောင့် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တိုက်နယ်တစ်ခုအတွင်းရှိ NUG လက်အောက်ခံ အကောက်အခွန် ဂိတ်မှ တာဝန်ကျ ရဲဘော်တွေရဲ့ ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ထိခိုက်သေဆုံးကြောင်း သေဆုံးသူနဲ့ နီးစပ်သူဒေသခံ နဲ့ စစ်ကိုင်းမြို့နယ် ပဒူတိုက်နယ်၊ စစ်ကိုင်းမြို့နယ် တာဝန်ရှိသူတွေဆီက အတည်ပြု သိရှိရပါတယ်။
အဲဒီ ဖြစ်စဉ် ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းမှာ သတ်မှတ်ချိန်မတိုင်မီ ဂိတ်ကို ဖြတ်သန်းသွားတဲ့ ကားတွေကို ဟန့်တား ဖို့ ပစ်ခတ်ရာမှာ လူသေဆုံးမှု ဖြစ်ခဲ့တယ်လို့ စစ်ကိုင်းမြို့နယ်၊ တိုက်နယ် တာဝန်ခံ တစ်ဦးက ပြောပါတယ်။
“ဂိတ်က သတ်မှတ်ထားတာက မနက် ၆ ၊ ည ၆ ပါ၊ အချိန်မတိုင်ခင် ဖြတ်သွားလို့ ပစ်တာကနေ ဒီ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့တာပါ၊ တာဝန်ရှိတဲ့အတိုင်းတော့ ဒီဘက်က ဆောင်ရွက်ပေးရမှာပေါ့” လို့ ပဒူတိုက်နယ်၊ ပကဖ တာဝန်ခံက CJ Platform ကို ပြောပါတယ်။
ပဒူတိုက်နယ်အတွင်းက ကုန်းလမ်းကြောင်း ဆက်သွယ်ရေးအတွက် NUG ဝန်ကြီးဌာနရဲ့ တရားဝင် အခွန်ကောက်ခံနေတဲ့ ဂိတ်မှာ စစ်ကိုင်းမြို့နယ် ပသုံးလုံး (ပကဖ၊ ပလဖ၊ ပအဖ) တာဝန်ရှိသူတွေက ကြီးကြပ်နေတဲ့ ဂိတ်တစ်ခု ဖြစ်ပြီး ဝန်ကြီးဌာနတွေရဲ့ သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေအတိုင်း အခွန်ကောက်ခံနေတယ်လို့လည်း သူက ပြောပါတယ်။
ဒီအကြောင်းကို သိတဲ့ ဝက်လက်မြို့နယ်က ဒေသခံ တစ်ဦးက “ဒီဘက်ကတော့ သက်သေတွေ အများကြီး၊ ပစ်ခတ်ခံရချိန် ထွက်တာ သူတို့ရှေ့ကို လေး၊ ငါး၊ ခြောက် စီး၊ နောက်ကလည်း လေးငါးစီး။ သူတို့က ဆီကား ဆီအရောင်းဝယ် လုပ်တာ၊ ပစ်ခတ်ခံရတာက မနက် ၆ နာရီ ၅မိနစ် လောက် သူတို့ထွက်တာတဲ့။ သူတို့ရှေ့ ကားသမားတွေလည်း ကားသမား သက်သေတွေရှိတယ်” လို့ ပြောပါတယ်။
NUG အကောက်ခွန်ဂိတ်က ပစ်ခတ်မှုကြောင့် ကျည်ထိမှန် သေဆုံးသူဟာ ဝက်လက်မြို့နယ်၊ အင်ဒေါင်းကျေးရွာက အသက် ၁၉ နှစ်အရွယ် အမျိုးသား တစ်ဦး ဖြစ်ပါတယ်။
ဒီ ဖြစ်စဉ် အတွက် စစ်ကိုင်းမြို့နယ် တာဝန်ရှိသူတွေကို ဆက်သွယ်ရန် ကြိုးစားနေဆဲ ဖြစ်ပြီး မြို့နယ် ပအဖ တာဝန်ရှိသူ တစ်ဦးကတော့ ပစ်ခတ်မှု ဖြစ်စဉ် ရှိခဲ့တယ်လို့ မနေ့က နိုဝင်ဘာ ၁၇ ရက် ညပိုင်းက အတည်ပြုပေးခဲ့သလို အသေးစိတ်အတွက် စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
NUG လက်အောက်ခံ အကောက်ခွန်ဂိတ်တွေမှာ ဆီတစ်ပေပါကို တစ်သောင်းခွဲ အထိ ပေးဆောင်ရသလို အခြားကုန်ပစ္စည်း ဖြတ်သန်းခအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အတိုင်း ကောက်နေတယ်လို့လည်း အထက်ပါ ပဒူတိုက်နယ် ပကဖ တာဝန်ခံရဲ့ အဆိုအရ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၃ ခုနှစ် ပြဌာန်းထားတဲ့ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေ အခန်း (၄) ပါ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၆ (က) ပိုဒ်ခွဲ ၃ ပါ ပြည်တွင်းသို့ တင်သွင်းခြင်း ဖြစ်လျှင် ကုန်းပေါ်ရောက် တန်ဖိုးအပေါ်မှာ အခွန်နှုန်းထားတွေအရ ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီ အတွက် အခွန်နှုန်းထား ၅ ရာခိုင်နှုန်း လို့ သတိမှတ်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ NUG အနေနဲ့ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးဖော်ဆောင်ဖို့အတွက် အခွန်ကောက်ခံခြင်းနှင့် မျှဝေသုံးစွဲခြင်းဆိုင်ရာ မူဝါဒကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီမူဝါဒအရ ပအဖ နဲ့ ပကဖ စတဲ့ အဖွဲ့တွေကို အခွန်ကောက်ခံခွင့်ပြုပေးပြီး အခွန်ရငွေရဲ့ ၇၀ ရာခိုင်နှုန်း ကို ခွဲဝေသုံးစွဲခွင့်ပြုတယ်လို့ သိရပါတယ်၊ အခွန်ခွဲဝေတဲ့အခါမှာလည်း NUG ရဲ့အစိုးရအဖွဲ့က အခွန်ကောက်ခံရရှိမှုရဲ့ ၃၀ ရာခိုင်နှုန်း ကို စီမံခွင့်ရှိပြီး ပအဖက ၃၀ ရာခိုင်နှုန်းနဲ့ ပကဖက ၄၀ ရာခိုင်နှုန်း စီမံခွင့်ရှိတယ်လို့ NUG က ကြေညာထားပါတယ်။
အခွန်ကောက်ခံတဲ့အခါမှာလည်း NUG ရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ ညှိနှိုင်းကောက်ခံရမယ့်အကြောင်း မူဝါဒမှာ သတ်မှတ်ထားပါတယ်။
ဒီအကြောင်းရာတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို နိုဝင်ဘာ ၁၇ ရက် မှာ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့မှာလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ဝက်လက်–ရှိန်းမကားလမ်း၊ ဝက်လက်–ပေါက်ကံလမ်းတွေမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေကို NUG လက်အောက်ခံ ဝက်လက်မြို့နယ် ပအဖ ဗိုလ်ရိုင် စစ်ဆေးရေးဂိတ် က အခွန်ကောက်ခံရာမှာ ငွေကြေးများလွန်းတာကြောင့် သုံးရက် ဆက်တိုက် ဆန္ဒပြခဲ့တာ တွေရှိပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ဂိတ်တာဝန်ကျ ရဲဘော်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူကို မြင်ရပုံ
