ရွှေကုက္ကိုကို ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ကိုင်သူ ၁၀၀ ကျော်ကို BGF ထိန်းသိမ်းထား

Author CJ Platform
Categories
Published on Nov 18, 2025

ကရင်ပြည် မြဝတီမြို့အနီးက ရွှေကုက္ကိုကို စစ်ကော်မရှင် တပ်ဖွဲ့နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တို့က ဒီနေ့ နိုဝင်ဘာ ၁၈ ရက် မှာ ဝင်ရောက်စီးနင်းချိန် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်တဲ့ နိုင်ငံခြား ၁၀၀ ကျော် ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာန Thai PBS က ဖော်ပြထားပါတယ်။

 

ရွှေကုက္ကိုကို ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ BGF တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းမှုတွေ စတင်လုပ်ခဲ့တာ ဖြစ်ပြီး နိုင်ငံခြားသား ၁၀၀ ဝန်းကျင် ကို သူတို့နေထိုင်ရာ အဆောက်အအုံ၊ အခန်းတွေထဲမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

 

ဖမ်းဆီးခံထားရသူတွေနဲ့ထဲမှာ တရုတ်နိုင်ငံသားတွေ အများဆုံး ပါဝင်ပြီး သူတို့နေထိုင်ရာ Chai Fu Kwang Chai ဟိုတယ် အဆောက်အအုံတွေထဲမှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ ဒီဟိုတယ်ကို Ya Tai International Holding Group က ပိုင်ဆိုင်တာလည်း ဖြစ်ပါတယ်။

 

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရွှေကုက္ကိုထဲက ကျားဖြန့်ဂိုဏ်းတွေကို ဟန်ပြသက်သက် မဟုတ်ဘဲ အပြီးသတ် နှိမ်နင်းမှုတွေ လုပ်ဆောင်တော့မယ်လို့ မနေ့ နိုဝင်ဘာ ၁၇ ရက် မှာ BGF ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ထိုင်းသတင်းထောက်တွေနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပြီးနောက် နိုင်ငံခြားသား ထောင်နဲ့ချီ ဟာ နေရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ကြတာပါ။

 

ရွှေကုက္ကိုဝင်းထဲက တရုတ်နိုင်ငံသား အများစု ပါဝင်တဲ့ နိုင်ငံခြားသားတွေဟာ မနေ့ည တစ်ညလုံး၊ ဒီနေ့မနက် အရုဏ်တက်ချိန် သူတို့ရဲ့ ခရီးဆောင်အိတ် အထုပ်အပိုး တွေနဲ့အတူ နေရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေခဲ့ကြတာပါ။

 

ဒီအထဲက အချို့ဟာ သောင်းရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ဖို့ ကြိုးပမ်းခဲ့ပေမဲ့ နယ်စပ်တစ်လျှောက် စစ်ကော်မရှင်တပ်နဲ့ BGF တပ်ဖွဲ့တွေက စောင့်ကြပ် ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

ရွှေကုက္ကိုထဲက ကျားဖြန့်ဂိုဏ်းတွေကို အခု တစ်ကြိမ် ဝင်ရောက်စီးနင်းမှုဟာ ဒုတိယတစ်ကြိမ် စီးနင်းမှု ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း BGF တပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းမှု ပထမအကြိမ် လုပ်ဆောင်ခဲ့ပြီး ဖမ်းဆီးရမိခဲ့တဲ့ ကျားဖြန့် ၄၀၀၀ ကျော် ကို ထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးခဲ့ပါသေးတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ KK Park ထဲက ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းချိန် တရုတ်၊ အိန္ဒိယ အများစု ပါဝင်တဲ့ နိုင်ငံခြားသား ၁၅၀၀ ဝန်းကျင် ဟာ သောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့တာကြောင့် ထိုင်းစစ်တပ်နဲ့ အာဏာပိုင်တွေက ထိန်းသိမ်းခဲ့ရပါသေးတယ်။

 

ဓာတ်ပုံ – Reuters

 

Related News

Depend on news