ကာ့ရှ်ဒေသစစ်မြေပြင်မှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ရာနဲ့ချီ ထိခိုက်သေဆုံးလို့ဆို
ရုရှား-ယူကရိန်းနယ်စပ်က ကာ့ရှ်ဒေသမှာ ရုရှားတပ်တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်ရာနဲ့ချီဟာ ထိခိုက်သေဆုံးမှုတွေ ဖြစ်နေတယ်လို့ အမေရိကန်စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေရဲ့ သေဆုံးထိခိုက်မှု အရေအတွက်ကို အတိအကျ ပြောဆိုခြင်းမရှိပေမဲ့ ကောင်းကောင်း လေ့ကျင့်ထားပေးထားတာ မရှိတဲ့အချက်ကြောင့် အခုလိုမျိုး ထိခိုက်သေဆုံးမှု များပြားနေရတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ရုရှား-ယူကရိန်း သုံးနှစ်နီးပါးကြာတိုက်ပွဲကို ရုရှား မဟာမိတ် မြောက်ကိုရီးယားဘက်က တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကနေ ၁၂,၀၀၀ အထိ ပေးပို့ခဲ့တယ်လို့ ယူကရိန်းဘက်က ထုတ်ဖော်ပြောဆိုအပြီးမှာ အခုလိုမျိုး မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုတွေကို ထုတ်ဖော်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။
တနင်္လာနေ့ ဒီဇင်လာ ၁၆ ရက်နေ့တုန်းကလည်း အမေရိကန်ရဲ့ အိမ်ဖြူတော်နဲ့ စစ်ဌာနချုပ် ပင်တဂွန်တို့က တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေပြင်တွေမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ ပြောဆိုထားပါတယ်။
မြောက်ကိုရီးယားတပ်တွေဟာ ကာ့ရှ်ဒေသတဝိုက်က တချို့စစ်မြေပြင်မှာ ရုရှားတပ်တွေနဲ့အတူ တိုက်ခိုက်နေပြီး တချို့စစ်မြေပြင်မှာတော့ သီးခြားတိုက်ပွဲဝင်နေတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် မတက်ခင်မှာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့က ယူကရိန်းကို အထောက်အပံ့တွေ ပေးပို့ဖို့ အရှိန်မြင့် လုပ်ဆောင်နေစဉ်မှာ အခုလိုမျိုး မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို ထုတ်ဖော်ပြောဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထရမ့်သမ္မသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့် အချိန် မတိုင်ခင် ပင်တဂွန်ကနေ ယူကရိန်းကိုပေးပို့ဖို့ ရည်ရွယ်ထားတဲ့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီဘီယံ တန်ကြေးရှိတဲ့ လက်နက်နဲ့ အထောက်အပံ့ပစ္စည်းတွေ အကုန်အစင် ပေးပို့နိုင်ဖို့ကတော့ မလွယ်ကူဘူးလို့ အကြီးတန်းကာကွယ်ရေး အရာရှိတစ်ဦးက ပြောပါတယ်။
ထရမ့်ကတော့ ယူကရိန်းအတွက် အမေရိကန်ရဲ့ အကူအညီနဲ့ပတ်သက်ပြီး အကြိမ်ကြိမ် ဝေဖန်ပြောဆိုခဲ့သလို သူတက်လာပြီးနောက်ပိုင်း နာရီပိုင်းအတွင်း စစ်ပွဲရပ်စဲရေးကို အာမခံနိုင်တယ်လို့ ပြောထားတာပါ။
ဒါကြောင့် နောက်လာမယ့် အခြေအနေမှာ အမေရိကန်ရဲ့ ယူကရိန်းအပေါ်ထောက်ပံ့မှုကို ယူကရိန်းဘက်ကရော ဥရောပနိုင်ငံတွေဘက်ကပါ စိုးရိမ်ပူပန်မှုတွေလည်းရှိနေပါတယ်။
ဓာတ်ပုံ – George Ivanchenko/EPA
ပုံစာ – ကာ့ရှ်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ ယူကရိန်းတင့်ကားတစ်စီးကို တွေ့မြင်ရစဉ်
ကိုးကား- AP News, The Guardian