သေဆုံးထိခိုက်မှုများနေတဲ့ မြောက်ကိုရီးယားတပ်တွေကို ရုရှားတပ်တွေ အကာအကွယ်မပေးဘူးလို့ဆို

Author CJ Platform
Categories
Published on Dec 28, 2024

ရုရှားနိုင်ငံရဲ့ ကာ့ရှ်ဒေသမှာ ရုရှားတပ်တွေနဲ့အတူ တိုက်ပွဲဝင်နေကြတဲ့ မြောက်ကိုရီးယားတပ်တွေဟာ ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့နေကြပြီး အတူတိုက်ပွဲဝင်နေကြတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကလည်း အကာအကွယ်ပေးတာမျိုးတွေမရှိဘဲ ချန်ထားရစ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်းစကီးက ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပြောပါတယ်။

 

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိမှုကို ရှောင်လွှဲနိုင်ဖို့အတွက် ရုရှားစစ်တပ်က မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို အကာအကွယ် အနည်းအကျဉ်းလောက်ပဲပေးပြီး စစ်မြေမြင်ကို စေလွှတ်နေတာ ဖြစ်တယ်လို့ ဇီလန်းစကီးက သူ့ရဲ့ ညစဉ်ဗီဒီယိုမိန့်ခွန်းမှာ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

 

“သူတို့တွေ (မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ) ထိခိုက်ကျဆုံးမှုတွေက အတော်လေးကို သိသာထင်ရှားပါတယ်။ ရုရှားစစ်တပ်ကရော သူတို့တွေရဲ့ နိုင်ငံရပ်ခြားက မြောက်ကိုရီးယား စစ်တပ်ကရော သူတို့တတွေ အသက်ဆက်ရှင်သန်နိုင်မယ့်အရေး စိတ်ပါဝင်စားမှု မရှိဘူးဆိုတာ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်” လို့လည်း ဇီလန်းစကီးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လက ရုရှားဘက်ကို ယူကရိန်းက ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ထားတဲ့ ကာ့ရှ်ဒေသမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၂,၀၀၀ ဝန်းကျင်ရှိတယ်လို့ ယူကရိန်းနဲ့ အနောက်နိုင်ငံက ထောက်လှမ်းရေး အစီရင်ခံစာတွေအရ သိရပါတယ်။ အခုအပတ်အစောပိုင်းမှာလည်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၃,၀၀၀ ကျော် သေဆုံးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဇီလန်းစကီးက ပြောထားပါတယ်။

 

 

“သူတို့တွေကို အသက်ရှင်ရက်ဖမ်းဆီးရမိမှုတွေ မရှိအောင် သေချာကို ပြင်ဆင်ထားတာပါ။ သူတို့တပ်ဖွဲ့ဝင်အချင်းချင်း ကွပ်မျက်ပစ်တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ ရုရှားတပ်ဟာအကာအကွယ် အနည်းဆုံးပေးပြီး သဲကြီးမဲကြီး တိုက်ခိုက်နေတဲ့ စစ်မြေပြင်ကို လွှတ်လိုက်တာပါ”လို့ သူက ဆက်ပြောပါတယ်။

 

 

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တချို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပေမယ့် ရထားတဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းတာကြောင့် အသက်ကယ်ဖို့ မဖြစ်နိုင်ခဲ့ဘူးလို့လည်း သူက ဖြည့်စွက် ပြောပါတယ်။ ဒါ့အပြင် (မြောက်) ကိုရီးယားလူမျိုးတွေဟာ ဥရောပ စစ်မြေပြင်မှာ သူတို့တွေရဲ့ အသက်တွေကို ဆုံးရှုံးခံဖို့မသင့်ကြောင်း၊ ဒါဟာ သူတို့ (မြောက်ကိုရီးယား) ရဲ့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်ရဲ့ လွှမ်းမိုးမှုတွေ ပါဝင်နိုင်ကြောင်းကိုလည်း ဇီလန်းစကီးက မှတ်ချက်ပေးပါတယ်။

 

“အကယ်၍ တရုတ်ကသာ စစ်ပွဲကို မချဲ့ထွင်သင့်ဘူးလို့ ရိုးရိုးသားပြောဆိုခဲ့မယ် ဆိုရင်တော့ မြောက်ကိုရီးယားကို (စစ်ပွဲထဲဝင်မပါဖို့) သင့်လျော်တဲ့ ဖိအားပေးမှုတွေကို (တရုတ်ဘက်က) လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့လည်း သူက ဆိုပါတယ်။

 

ဓာတ်ပုံ – REUTERS/Johanna Geron/File Photo

 

ပုံစာ- ဘယ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်တဲ့ ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်လာတဲ့ ဇီလန်းကီးကို ဒီဇင်ဘာ ၁၉ ရက်နေ့က တွေ့မြင်ရစဉ်

 

ကိုးကား- Reuters