Author အောင်နိူင်သူ
Categories
Published on Oct 12, 2022

ဂရင်းရိုင်ရယ်အရက်ကြော်ငြာ၏ သီချင်းပြိုင်ပွဲတစ်ခုဖြစ်သည့် သားကြီးတို့ အေးဆေး သီချင်းတွင် အဆိုတော် ရေမွန် ရုပ်ပုံကို အသုံးမပြုရန် စစ်ကောင်စီက ဖိအားပေးပိတ်ပင်ခဲ့သည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီကို ကြံဖွံ့အမတ်ဟောင်း ဘူလက်လှဆွေမှ အဆိုတော် ရေမွန်အား အကြမ်းဖက်သမားအဖြစ် ပုံဖျက် စွပ်စွဲကာ လွတ်မြောက်နယ်မြေတစ်ခုတွင် ဆုံးပါးခဲ့သည့် အဆိုတော်ရေမွန် သီဆိုထားသည့် သားကြီးတို့ အေးဆေး သီချင်းအား တီဗွီတွင် ပြသနေခြင်းကို ပိတ်ပင်ပေးရန် ရှိမရှိ မေးမြန်းခဲ့ပြီးနောက် စစ်ကောင်စီက ပိတ်ပင်ခိုင်းခဲ့တာဖြစ်သည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက CJ Platform ကို ပြောသည်။

“Bullet ဂျာနယ်က ဦးလှဆွေက မေးတာ ၊စစ်ကောင်စီက ဒီနေ့မှာပဲ ပိတ်ပေးဖို့ အမိန့်ထုတ်လိုက်တာ”ဟု ပြောသည်။

ယင်းသီချင်းကြော်ငြာမှာ Skynet pay TV၏ Sports Channel များတွင် ဘောလုံးပွဲ sponsor ကြော်ငြာဖြစ်ပြီး”သားကြီးတို့…အေးဆေး”ဆိုသည့် သီချင်းတွင် မူလကြော်ငြာစဉ်က အဆိုတော် ရေမွန်၏ ပုံပါဝင်သော်လည်း မတ်လ ၂၀ရက်နေ့မှစတင်ကာ အဆိုတော် ရေမွန်၏ ပုံမပါဝင်တော့ဘဲ ဆက်လက်ကြော်ငြာခဲ့သော်လည်း ဘူးလက်လှဆွေ၏ မေးမြန်းမှုအပြီး ယနေ့ အောက်တိုဘာလ ၁၂ရက်နေ့မှ စတင်ကာ ကြော်ငြာအား လုံးဝရပ်နားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲ့သီချင်းတင်မကဘူး ကိုရေမွန်ရဲ့ သီချင်းတွေ ရုပ်ပုံတွေနဲ့ ကြော်ငြာမှန်သမျှကို အကုန်ပိတ်သိမ်းခိုင်းတာ၊ သူ့သီချင်းတွေကိုလည်း ဘယ်မှာမှ မဆိုရဘူး၊ ဘယ်မှာမှ မလွှင့်ရဘူးလို့ စာထုတ်ထားတယ်”ဟု စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုတော် ရေမွန်သည် အကြမ်းဖက်စစ်ကောင်စီမှ အာဏာသိမ်းယူမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သည့် အနုပညာရှင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီမှ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရန် ကြိုးစားခဲ့ပြီးနောက် လွတ်မြောက်နေမြေတစ်ခုတွင် အနုပညာဖြင့် ဆက်လက်တော်လှန်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ဇွန်လ ၂၃ ရက်နေ့ မနက်တွင် အစာအိမ်သွေးကြောပေါက်ကာ ရုတ်တရက်ကွယ်လွန်သည်။

အဆိုတော်ရေမွန် ကွယ်လွန်ချိန်တွင် အသက် ၃၂ နှစ်သာရှိသေးပြီး ၎င်း၏ ဘာလို နေသေးလဲ၊ ချန်ခဲ့၊ ဝမ်းနည်းတတ်တဲ့ချစ်သူ သီချင်းများမှာ လူငယ်ထုအကြား ထင်ရှားလူကြိုက်များခဲ့သည့် သီချင်းများ ဖြစ်သည်။