တောင်ကုတ်မြို့ကို ဒေသခံတွေ စွန့်ခွာကြပြီ

Author ပြည်စိုး
Categories
Published on Jun 16, 2024

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ စစ်သင်္ဘောကနေတဆင့် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ တောင်ကုတ်မြို့ကို စတင်စွန့်ခွာနေပြီ တောင်ကုတ်မြို့ကို ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က ဒီကနေ့ ဇွန်လ ၁၆ရက်နေ့ နေ့လယ် ၁ နာရီခန့်မှာ သတင်းပေးပို့လာပါတယ်။

 

“မနေ့ညက လေယာဉ်တွေနဲ့ ပစ်တာက We Love Taunggoke ဆိုင်းဘုတ်နားမှာ ရဲစခန်းကနေ ထွက်လာပြီး ကင်းလှည်တဲ့ စစ်တပ်ကို AA က ဝင်ပစ်တာမှာ ဗိုလ်ကြီးတစ်ဦး သေသွားတာကနေ စတယ်လို့ ပြောကြတယ်၊ AAက ပစ်ပြီးတော့ ချောင်းထဲ ခုန်ချသွားတော့ ချောင်းနားတလျှောက်က ရွာတွေကို လေယာဉ်နဲ့ ပစ်တာတဲ့” လို့ CJ Platform ရဲ့ Citizen Journalist ကပြောပါတယ်။

 

ချောင်းရိုးတလျှောက်မှာရှိတဲ့ ရွာတွေက ဒေသခံတွေကို စစ်ကောင်စီတပ်က ဒီမနက် ၁၀နာရီ နောက်ဆုံးထားပြီး ရွာတွေကနေ ထွက်ခွာဖို့ အမိန့်ပေးထားတာကြောင့် ဒေသခံတွေဟာ စက်လှေငယ်တွေကို ငှါးရမ်းပြီး ကုလားရောင်၊ ဖောင်းကား၊ပန်းတင်းကျွန်း၊ စကုကျွန်း၊ မကျီးကျွန်း၊ ကျောက်နီမော်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

 

“မနက်အစောကြီးထဲက အမြောက်တွေပစ်နေကြတာ၊ ၁၁နာရီ၄၅မှာတစ်ကြိမ်၊ ၁၂နာရီမှာတစ်ကြိမ်၊ လေယာဉ်နဲ့ ဗုံးကြဲတယ်၊ အကြိမ်ရေတော်တော်များတယ်”လို့ CJ Platform ရဲ့ Citizen Journalist က ပြောပါတယ်။

 

မြို့ပေါ်မှာတော့ စျေးဆိုင်တွေ အားလုံးနီးပါး ပိတ်ထားပြီးတော့ ဖုန်းငွေဖြည့်ကတ်ဝယ်ယူဖို့တောင်မှ ခက်ခဲနေတယ်လို့ သိရပါတယ်။

 

မြို့ပေါ်မှာ ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဒေသခံပြည်သူတွေ အနည်းငယ် ကျန်ရှိနေသေးပြီးတော့ နေအိမ်တွေကို ပြင်ပကို ဘယ်သူကမှ မထွက်ခွာရဲကြဘူးလို့ သိရပါတယ်။

 

“အခု ကျွန်မတို့ အတူတူစုနေတဲ့ အဖွဲ့မှာပဲ သက်ကြီးရွယ်အိုတွေပါတယ်၊ လက်နက်ကြီးတွေ အိမ်ပေါ်ကျမှာကိုတော့ စိတ်ပူနေကြတယ်၊ ရှောင်တိမ်းဖို့က မလွယ်လှဘူး၊ ကိုယ်တိုင် သတင်းရေးဖို့ အဆင်မပြေလို့ အခုလိုပဲ သတင်းတွေ ဆက်ပို့ပေးပါမယ်” လို့ CJ Platform ရဲ့ Citizen Journalist က ပြောပါတယ်။

 

တောင်ကုတ်မြို့မှာ မြို့ပေါ် တိုက်ပွဲတွေ ဖြစ်ပွားလာတာ မရှိသေးပေမယ့် စစ်ကောင်စီက မြို့အနီးကျေးရွာတွေကို တစ်နေကုန်နီးပါး လက်နက်ကြီးပစ်ခတ်မှုတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။