စစ်ကိုင်းမြို့မှာ စစ်မှုထမ်းစေဖို့ ဆင့်ခေါ်စာတွေ ပို့ဆောင်
စစ်ကိုင်းမြို့မှာ မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က မြို့ပေါ်ရှိ လူငယ်တွေကို အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေတဆင့် အိမ်တိုင်ရာရောက် ဆင့်ခေါ်စာတွေ ပေးပို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အုပ်စုက အခု ဇန်နဝါရီလဆန်းကစတင်လို့ စစ်ကိုင်းမြို့တွင်းနေထိုင်တဲ့လူငယ်တွေစာရင်းကို ကောက်ယူမှုတွေလုပ်ဆောင်နေခဲ့တာဖြစ်ပြီး မနေ့က ဇန်နဝါရီ ၁၅ ရက်နေ့မှာ အခုလို ဆင့်ခေါ်စာတွေကို ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ခုနှစ်စကတည်းက ရပ်ကွက်တွေထဲက လူငယ်တွေစာရင်းကိုကောက်နေတာ၊ ကျောင်းသားမဟုတ်တဲ့သူ၊ ဝန်ထမ်းမဟုတ်တဲ့သူတွေကိုစာရင်းပေးရတယ်၊ ဒီရက်ပိုင်းမှ အခုလိုစာထုတ်ပြီးဆင့်ခေါ်တာ” လို့ စစ်ကိုင်းမြို့ခံ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စုလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် လူငယ်တွေကိုဆင့်ခေါ်ပြီး ဒီကနေ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ စစ်မှုထမ်းဖို့ အရွယ်ရောက်ပြီးသူအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ကာ စာရင်းသွင်းပေးရမယ်လို့လည်း သိရပါတယ်။
“မနေ့က ပါရမီရပ်ကွက်တွေပို့တယ်၊ အခြားမြို့ပေါ်ရပ်ကွက်တွေလည်း ဆင့်ခေါ်စာ ပျောက်ကြားပို့တာတွေရှိတယ်” လို့ နောက်ထပ်စစ်ကိုင်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်ကိုင်းမြို့မှာ အခုလို ဆင့်ခေါ်စာတွေမပို့မီ အခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစလို့ မြို့တွင်းနေရာတချို့မှာ ဖမ်းဆီးမှုတွေ နေ့စဉ်လုပ်ဆောင်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က ဇန်နဝါရီ ၁၅ ရက်နေ့မှာလည်း ထွေအုပ်ဝန်ထမ်းတွေနဲ့ စစ်အုပ်စုလက်အောက်ခံတွေပူးပေါင်းကာ လူငယ်တွေကို စစ်မှုထမ်းစေဖို့ မြို့ပေါ်မှာဖမ်းဆီးမှုတွေရှိခဲ့တယ်လို့ သူက ဆက်လက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကလည်း စစ်ကိုင်းမြို့အဝင်ဆိုင်းဘုတ်အနီးနဲ့ ရွှေမင်းဝံ ရပ်ကွက်တွေမှာ လမ်းသွားလမ်းလာနဲ့ အလုပ်သွားတဲ့ လူငယ် ၂၅ ဦးခန့်ကို စစ်အုပ်စုလက်အောက်ခံတပ်သားတွေ၊ ပျူတွေပူးပေါင်းကာ ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့ပြီး စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ အတွင်းခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့ပေါ်မှာ စစ်ကိုင်းတံတားပေါ်၊ မြို့ပေါ်မီးပွိုင့်နေရာတွေနဲ့ လမ်းဆုံလမ်းခွတွေ စတဲ့နေရာတွေ၊ မန္တလေး – မုံရွာလမ်းမတွေပေါ်မှာ လူငယ်တွေကိုဖမ်းဆီးပေါ်တာဆွဲတာတွေ လုပ်ဆောင်သလို နေအိမ်တွေထဲထိဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ဆောင်လေ့ရှိပြီး ရပ်ဝေးပို့ဆောင်ကာ စစ်မှုထမ်းစေခိုင်းမှုတွေရှိခဲ့တယ်လို့ မြို့ပေါ်ဒေသခံတွေဆီက သိရပါတယ်။
စစ်အုပ်စုဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်လိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်တွေမှာ လစဉ် လူဦးရေ ၅,၀၀၀ နီးပါး ပြည့်မီစေရေး ပေါ်တာဆွဲဖမ်းဆီးမှုတွေ၊ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာတွေလည်းရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၀ အထိဖွင့်လှစ်ထားခဲ့ပြီး လက်ရှိမှာ အပတ်စဉ်သစ်တွေအတွက် လူငယ်တွေကိုထပ်မံစုဆောင်းတာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။
ဓာတ်ပုံ – Pro_SAC
ပုံစာ – စစ်အုပ်စုမှ စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသည့် လူငယ်များကို မြင်ရပုံ
