မလေးရှား လူ့အခွင့်အရေးကော်မရှင်က စစ်အုပ်စုကို “စစ်အာဏာရှင်”လို့ အမည်တပ် အသုံးပြုမှုကို စစ်အုပ်စုက ကန့်ကွက်

Author CJ Platform
Categories
Published on Jan 16, 2026

စစ်အုပ်စုကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မလေးရှားအစိုးရအနေနဲ့ အသိအမှတ်မပြုဖို့ မလေးရှားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ချိန် “စစ်အာဏာရှင်” ဆိုတဲ့ အသုံးအနှုန်း ထည့်သွင်းခဲ့မှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ စစ်အုပ်စု လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်လာပါတယ်။

 

မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင် (SUHAKAM) က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ချက်မှာ စစ်အုပ်စုကို “Myanmar military junta” လို့ အကြိမ်ကြိမ်သုံးနှုန်းထားသလို “ရွေးကောက်ခံအစိုးရဆီကနေ အာဏာသိမ်းခဲ့တဲ့စစ်တပ်” (the military junta seized power from the elected government)၊ “တရားမဝင် အုပ်ချုပ်မှု” (illegal regime) စတဲ့ အသုံးအနှုန်းတွေကို သုံးနှုန်းထားခဲ့တာလည်းဖြစ်ပါတယ်။

 

အာဆီယံအဖွဲ့ဝင်နိုင်ငံ မလေးရှားအစိုးရ လူ့အခွင့်အရေးကော်မရှင်ရဲ့ အခုလို အသုံးအနှုန်းတွေနဲ့ပတ်သက်ပြီး ဒါဟာ နိုင်ငံရေးအရ နှိမ်ချတဲ့ စကားလုံးတွေ အသုံးပြုတာ၊ အစိုးရတစ်ရပ်ကို လေးစားမှုမရှိဘဲ ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်တာဖြစ်သလို မိတ်ဆွေမပီသတဲ့လုပ်ရပ်လို့ စစ်အုပ်စု လူ့အခွင့်အရေးကော်မရှင်က တုံ့ပြန်ထားပါတယ်။

 

မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းစစ်ဖြစ်ပွားနေချိန်၊ ပဋိပက္ခတွေမြင့်တက်နေချိန်၊ ရွေးကောက်ခံအစိုးရဆီကနေ အာဏာသိမ်းပြီး နိုင်ငံကို တရားမဝင်အုပ်ချုပ်နေတဲ့ စစ်တပ်က ပြည်သူ့ဆန္ဒကို မထင်ဟပ်တဲ့၊ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကို လုပ်ဆောင်နေတာကို မလေးရှားအစိုးရအနေနဲ့ အသိအမှတ်မပြုဖို့ SUHAKAM က သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

 

SUHAKAM ရဲ့ အခုလို လူသိရှင်ကြားထုတ်ပြန်ပြောဆိုမှုဟာ အာဆီယံမူဝါဒဖြစ်တဲ့ တစ်နိုင်ငံရဲ့ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရဆိုတဲ့မူကို ချိုးဖောက်ရာရောက်တယ်လို့ စစ်အုပ်စုဘက်က တုံ့ပြန်ထားပါတယ်။

 

ဒါပေမယ့် SUHAKAM ကတော့ အခုလို ပြောဆိုတာဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်ခံရမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကြောင့် မလေးရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေဆီ မြန်မာနိုင်ငံသားတွေ နေရပ်စွန့်ခွာလာမှု အဆမတန်မြင့်တက်များပြားလာတာကြောင့် ဒါဟာ အာဆီယံဒေသတွင်း ပြဿနာတစ်ရပ် ဖြစ်လာတယ်လို့ ဆိုပါတယ်။

 

SUHAKAM အနေနဲ့ အခုလို စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုတာဟာ အာဆီယံမူဝါဒကို ချိုးဖောက်တာမဟုတ်ဘဲ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲအကျိုးဆက်တွေကြောင့် ဒေသတွင်းနိုင်ငံတွေကိုပါ ထိခိုက်လာတာကြောင့် အခုလို ထုတ်ဖော်ပြောဆိုရတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာလကုန်အထိ မလေးရှားနိုင်ငံထဲ နေရပ်စွန့်ခွာလာသူနဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ ၂၁၁,၃၆၀ ဦးအထိရှိခဲ့တယ်လို့ UNHCR ရဲ့ စာရင်းတွေအရသိရပြီး ဒီအထဲက ၁၈၉,၇၆၀ ဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့လည်း SUHAKAM က ထောက်ပြထားပါတယ်။

 

SUHAKAM အနေနဲ့ အာဆီယံလူ့အခွင့်အရေးကော်မရှင် (SEANF) ရဲ့ အလှည့်ကျဥက္ကဋ္ဌရာထူးကို အခု ၂၀၂၆ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ချိန် မြန်မာနိုင်ငံသားတွေရဲ့လူ့အခွင့်အရေးကို အကာအကွယ်ပေးနိုင်ဖို့နဲ့ လူ့အခွင့်အရေးစံနှုန်းတွေ ပိုမိုကောင်းမွန်စေဖို့ လုပ်ဆောင်ပေးသွားမယ်လို့လည်း ပြောကြားထားပါတယ်။

 

ဓာတ်ပုံ – Pro-SAC

 

 

 

Related News

Depend on news