မူးယစ်ဆေးဝါး သုံးစွဲမှ စစ်တိုက်နိုင်တယ်လို့ စစ်ကောင်စီတပ်သားတွေ ဝန်ခံ

Author လဂွန်းအိမ်
Categories
Published on Oct 16, 2024

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေဟာ မူးယစ်ဆေးဝါးသုံးစွဲမှ စစ်တိုက်နိုင်တယ်လို့ အောက်တိုဘာလ ၁၅ ရက်နေ့၊ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ထုတ်ပြန်ချက်အရ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်ကောင်စီတပ်သားတွေရဲ့ ဝန်ခံပြောဆိုမှုကို အသိပေးခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီ တပ်သားတွေဟာ မူးယစ်ဆေးဝါးတွေကို ကိုယ်တိုင်သုံးစွဲရုံသာမက ၎င်းတို့ကိုယ်တိုင် ရောင်းဝယ်ဖောက်ကား ဖြန့်ချိနေကြတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

 

ပြည်သူ့အုပ်ချုပ်ရေးဟာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဖြစ်ပြီး ပြည်သူကို အလုပ်အကျွေးပြုဖို့  တာဝန်ပေးထားတဲ့ စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူတွေရဲ့ မဟုတ်မမှန်သည့် လုပ်ဆောင်ချက်တွေကိုပါ တိတိကျကျ ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ပါသေးတယ်။

သိမ်းပိုက်ရရှိထားတဲ့ မြို့၊ ရွာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဖော်ဆောင်နေပြီး တော်လှန်ရေး ရဲဘော်တွေကို ကူညီစောင့်ရှောက်ပေးတဲ့ ရပ်မိရပ်ဖတွေကို အထူးကျေးဇူးတင်တဲ့အပြင် အစိုးရနဲ့ ပြည်သူ လက်တွဲညီညီ မူးယစ်ဆေးဝါးကို တိုက်ဖျက်သွားဖို့ လိုအပ်တယ်လို့ ဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။

 

ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ပြည်သူ့တော်လှန်ရေး ၃ နှစ်တာ ကာလအတွင်း (၅) ကြိမ်မြောက် ဆင်နွှဲခဲ့ရပြီးနောက် အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။

 

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအမြောက်အမြား ရရှိခဲ့တဲ့အပြင် မူးရစ်ဆေးဝါးသုံးစွဲထားတဲ့ စစ်သုံ့ပန်းများနဲ့ ရဲစခန်းအတွင်းက ဘိန်းမဲအထုပ် (၁၈) ထုပ်၊ (ခန့်မှန်း ၁ ပိဿာထုပ်)၊ ဘိန်းဖြူ (ဆပ်ပြာခွက်) (၁၃၅၂) ခု၊ ဘိန်းဖြူ (အထုပ်သေး) (၁၂၈၅) ခု သိမ်းဆည်း ရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ် ကနေ အောက်တိုဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

 

 

ဓာတ်ပုံ – NUG MoD

ပုံစာညွှန်း – သိမ်းဆည်းရမိတဲ့ မူးရစ်ဆေးဝါးများ ဖျက်ဆီးနေပုံ