စစ်ကောင်စီလက်နက်ကြီးကြောင့် ထန်းတပင်က ပြည်သူ လေးဦး ကျည်စထိမှန်သေဆုံး၊ သုံးဦး ထိခိုက်ဒဏ်ရာရ

Author လင်းနွေဦး
Categories
Published on May 15, 2024

ပဲခူးတိုင်း၊ ထန်းတပင် (တောအူး)ခရိုင်၊ ထန်းတပင်(တောတထူ)မြို့နယ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် ပြည်သူလေးဦးထိခိုက်သေဆုံးခဲ့ရသလို သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မနေ့ မေလ (၁၄) ရက်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။

 

ထန်းတပင် မြို့နယ်အတွင်း  ဇရပ်ကြီးအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ-၇၃ က ဇရပ်ကြီးတောင်ခြမ်းအုပ်စု ရွာလေးကုန်းကျွေးရွာထဲကို မေလ (၁၃) ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာထဲရှိ အရပ်သားပြည်သူ မိသားစုဝင် လေးဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းတာဝန်ထမ်းဆောင်နေတဲ့ KNLA ရဲဘော်တစ်ဦးက ပြောပါတယ်။

 

“တိုက်ပွဲဖြစ်တာမျိုးမရှိဘဲနဲ့ ဒီတိုင်းကိုပစ်တာ။ တပ်မဟာ(၃)ကလည်း တော်တော်လေး လှုပ်ရှားမှုတွေရှိနေတော့ တစ်ခုခုအသံထွက်တာနဲ့ ဒီကောင်တွေ ရမ်းသမ်းပြီးပစ်တာပဲနေမှာ။ အခုဆို PDF စစ်ကြောင်းတွေနဲ့ KNLA  အဖွဲ့တွေစုံနေပြီလေ။ ကြားထဲက ပြည်သူတွေကထိတာပေါ့။ တစ်နေ့ကလည်း ဇရပ်ကြီးထဲက လေးယောက် ကျည်စထိပြီးဆုံးသွားတာ သတင်းတွေပို့ရင်းသိရတယ်” လို့  တပ်မဟာ(၂) တောင်ငူဒေသတွင်း တာဝန်ထမ်းဆောင်နေတဲ့ KNLA ရဲဘော်က CJ Platform ကိုပြောပါတယ်။

 

စစ်ကောင်စီလက်နက်ကြီးထိမှန်လို့ ဆုံးပါးသွားရတဲ့ ပြည်သူတွေကတော့ ဦးကျော်စိန်(၈၄) နှစ်၊ မဌေးရီ (၅၂) နှစ်၊ ကိုဌေးနိုင် (၄၉ ) နှစ် နဲ့ မအိဖူးသော် (၁၈) နှစ်တို့ဖြစ်ပြီး  နှစ်ဦးမှာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့သလို ကျန်နှစ်ဦးမှာ ဆေးရုံကိုပို့ဆောင်ရင်း လမ်းမှာ ဆုံးပါးသွားတယ်လို့  KNLA တပ်ဖွဲ့ဝင်တစ်ဦးရဲ့  ပြောပြချက်အရ သိရပါတယ်။

 

ဒါ့အပြင် ရွာလေးကုန်းကျေးရွာအတွင်းက အခြားရွာသား သုံးဦးလည်း ခလရ-၇၃ တပ်က ပစ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။

 

အဲဒီလို လက်နက်ကြီးထိမှန်သေဆုံးတဲ့ ဖြစ်စဉ်မျိုး ပြီးခဲ့တဲ့ မတ်လ ၈ ရက်က ထန်းတပင်မြို့နယ်၊ လမင်းသာကျေးရွာဘက်ကို စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာတွင်းရှိ အမျိုးသားတစ်ဦး ကျည်စထိမှန် သေဆုံးခဲ့တဲ့ဖြစ်စဉ်မျိုးလည်း ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ-KNU