၂၀၂၅ခုနှစ် တစ်နှစ်တာအတွင်း စစ်အုပ်စုကြောင့် အမျိုးသမီး ရှစ်ရာနီးပါး သေဆုံးခဲ့ရ
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ ခုနှစ်အတွင်း အမျိုးသမီး ၇၉၂ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဒီနေ့ ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
အမျိုးသမီးတွေအပေါ် စစ်ရေးပစ်မှတ်ထားကာ ညှင်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေအပါအဝင် စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း အမျိုးသမီး သေဆုံးမှု ပိုမိုမြင့်တက်လာတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ကနေ ၂၀၂၄ ဇန်နဝါရီလအထိ စစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် အမျိုးသမီး ၇၅၄ ဦး သေဆုံးခဲ့သလို ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း အမျိုးသမီး သေဆုံးမှု ၄၇၈ ဦး ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကြောင့် အမျိုးသမီး သေဆုံးမှုဟာ နှစ်ဆနီးပါး မြင့်တက်ခဲ့ပြီး ၇၉၂ ဦးအထိ ရှိလာတာပါ။
၂၀၂၅ ခုနှစ်အတွင်း ပြည်နယ်နဲ့တိုင်းအလိုက် သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာ လေကြောင်းတိုက်ခိုက်မှု အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရတဲ့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ခဲ့ပြီး ၂၁၇ ဦးအထိ သေဆုံးမှုရှိခဲ့ပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုဟာ ရခိုင်ပြည်နယ်၊ မြောက်ဦး၊ ရမ်းချောင်းရွာအနီး စစ်သုံ့ပန်းတွေထားရှိတဲ့နေရာကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂၁ ဦး နေရာမှာတင် သေဆုံးခဲ့ရပါတယ်။
BWU ရဲ့ ထုတ်ပြန်ထားတဲ့ ၂၀၂၅ အစီရင်ခံစာအရ နိုင်ငံတစ်ဝန်း အမျိုးသမီး သေဆုံးခဲ့ရမှုဖြစ်စဉ်တွေထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆၂၁ ဦးအထိ အများဆုံးသေဆုံးခဲ့ရပြီး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၀၂ ဦးသေဆုံးခဲ့ရသလို၊ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ၃၉ ဦးထိ သေဆုံးခဲ့ပြီး မီးရှို့သတ်ဖြတ်ခံရမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်သတ်ဖြတ်ခံရမှု၊ ဆေးဝါးကုသခွင့်မရရှိမှုတို့ကြောင့် သေဆုံးခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၁၅၄ ဦးထိ ပါဝင်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် ၅ ဦးအထိ ပါဝင်ခဲ့ပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုရဲ့မတရားဖမ်းဆီးမှုတွေကြောင့် အမျိုးသမီး ၄,၂၈၀ ဦး လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရပြီး သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီး ၁၇ ဦးအထိရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – AA
