စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ မွန်ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးချုပ် ပစ်ခတ်ခံရလို့ သေဆုံး

Author CJ Platform
Categories
Published on Mar 15, 2025

စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဌာနေပြည်သူ့စစ်အဖြစ်ဆောင်ရွက်နေတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ (MMFD) အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်အဆင့်ရှိသူ နိုင်အိုက်ချမ်းနဲ့ စစ်ကြောင်းမှူးဖြစ်သူတို့ ပြီးခဲ့တဲ့မတ်လ ၁၃ ရက်နေ့က ကော့ဘိန်းမြို့နယ်ထဲမှာ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ကော့ဘိန်းမြို့နယ် ဘုရားကြီးကျေးရွာ ဇီးဖြူကုန်းရပ်ကွက်အတွင်း မနက် ၈ နာရီခွဲခန့်မှာ ပစ်ခတ်ခံရပြီး ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ ကျည်ဖောက်ဝင် ဒဏ်ရာများနဲ့ အခင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။

 

“ကော့တုံဌာနချုပ် အဖွဲ့ခေါင်းဆောင် နိုင်အိုက်ချမ်း ပစ်သတ်ခံခဲ့ရတာပါ၊ ကော့တုံကနေ ကော့ဘိန်းကိုလာရင်း လမ်းမှာဖြစ်တာပါ” လို့ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် စစ်ကြောင်းမှူးအဆင့်ရှိသူ ဗိုလ်တောက်ကိုလည်း မနက် ၉နာရီခွဲဝန်းကျင်ခန့်မှာပဲ ကော့တုံ လောင်းကစားကွင်းဟောင်းအနီးမှာ ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သူမကဆက်ပြောပါတယ်။

 

အဲပစ်ခတ်မှုကို မည်သည့်လက်နက်ကိုင် အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသလို ထုတ်ပြန်ထားတာလည်း မရှိပါဘူး။

 

စစ်ကောင်စီလက်အောက်ခံ(MMFD) အဖွဲ့ခေါင်းဆောင် နိုင်အိုက်ချမ်းဟာ မူးယစ်ဆေးဝါး အသုံးပြုတတ်သူဖြစ်ပြီး ဖြန့်ဖြူးသူလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီနဲ့ပူးပေါင်းပြီး လက်နက်ကြီးများနဲ့ ကျေးရွာတွေကို မကြာခဏပစ်ခိုင်းလေ့ ရှိတဲ့အပြင် ပြည်သူပိုင် လယ်ယာမြေတွေကိုလည်း ယခင်က အဓမ္မနည်းနဲ့ သိမ်းယူထားသူဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

 

မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ရေး၊ ကျိုက်မရောဘက်တွင် ဂိတ်ဖွင့်ကာ စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရှိရပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလကလည်း ရေးဘီလူးအဖွဲ့က ရေးမြို့နယ်၊ စုံနံ့သာကျေးရွာအနီးမှာ မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စီးလာတဲ့ကားကို တိုက်ခိုက်ခဲ့လို့  တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ပါတယ်။

 

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က စစ်ကောင်စီရဲ့ ဌာနေပြည်သူ့စစ်အဖြစ် ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့တဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ခဲ့တာပါ။

 

မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၀၈ ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်က ယခင် စစ်အစိုးရထံ လက်နက်ချ အလင်းဝင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်