ကောလင်းမှာ စစ်ဘေးရှောင်တွေ သောက်သုံးရေ အခက်အခဲဖြစ်နေပြီး ကူညီသူမရှိ ဖြစ်နေ

Author CJ Platform
Categories
Published on Mar 13, 2025

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေဟာ နွေဦးရာသီ ရောက်လာတာနဲ့အမျှ သောက်သုံးရေရှားပါးလာပြီး ရေလှူဒါန်းမယ့်သူ မရှိတာကြောင့် သောက်သုံးရေအတွက် များစွာ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်နဲ့ ကုန်စည်ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာကြောင့်လည်း သောက်သုံးရေအပါအဝင် စားဝတ်နေရေး အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

 

“ သောက်သုံးရေကတော့ အဓိက ပိုကျပါတယ်။ သွားခပ်ရတာကလည်းဝေးတယ်။ အရင်က ရေအလှူအတွက် ကားနဲ့လှူတာတွေရှိပေမဲ့ ဒီနှစ်မှာ ကားအခက်အခဲကြောင့် မလှူကြဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒေသခံတွေဟာ သောက်သုံးရေ ရရှိနိုင်ဖို့ အတွက် ၂ မိုင် ၃ မိုင်လောက် သွားရောက်ရေခပ်ယူနေရပြီး ဒီနှစ်မှာ ရေအလှူကားမလာနိုင်တာကြောင့် အခက်အခဲများစွာကြုံတွေနေရပြီး ရောဂါပိုးတွေ ဝင်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

 

ကောလင်းက စစ်ဘေးရှောင်တွေကို ပြည်သူမှပြည်သူသို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က အခြေခံ စားသောက်ကုန် တချို့ လှူဒါန်းပေးနေတာတွေရှိပေမဲ့ သောက်သုံးရေလှူဒါန်းမှုတော့ မရှိဘူးလို့ သိရပါတယ်။

 

“ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ရန်ပုံငွေရော ကားရောအဆင်မပြေတာကြောင့် ရေလှူနိုင်ဖို့ အခက်အခဲဖြစ်နေတာ” လို့ စစ်ဘေးရှောင်အရေးကူညီနေသူ ကိုသဲကြီးက CJ Platform ကိုပြောပါတယ်။

 

တစ်စီးထဲသာရှိတဲ့ ရေသယ်ယူနိုင်တဲ့ကားကလည်း မြို့တစ်ဖက်ခြမ်းမှာရှိနေတာဖြစ်ပြီး ပြန်ခေါ်နိုင်ဖို့အတွက်  အခက်အခဲတချို့ ရှိနေသေးတယ်လို့ လည်းသိရပါတယ်။

 

လက်ရှိမှာ စစ်ဘေးရှောင်တွေအနေနဲ့ ဝေးလံတဲ့နေရာကို သောက်သုံးရေအတွက် မိမိအစီအစဉ်နဲ့သာ သွားရောက် သယ်ယူနေရပြီး ရေလာရောက်လှူဒါန်းမှာကို မျှော်လင့်နေကြပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ကောလင်းမြို့နယ်အတွင်း ရေလှူဒါန်းနေတဲ့ ရေကားကိုတွေ့ရစဉ်

Related News

Depend on news