ရန်ကုန်က စက်မှုဇုန်တွေမှာ စစ်ကောင်စီ ကို ILO ဘာကြောင့် အရေးယူရမလဲ သတင်းစကားပါ စာများ ဖြန့်ဝေဆန္ဒပြ

Author CJ Platform
Categories
Published on Mar 12, 2025

ရန်ကုန်က စက်မှုဇုန်တွေမှာ စစ်ကောင်စီကို ILO ကပုဒ်မ ၃၃ နဲ့ ဘာကြောင့် အရေးယူသင့်သလဲဆိုတဲ့ အချက်တွေပါဝင်တဲ့ သတင်းစကားပါ စာရွက်တွေကို ဒီကနေ့ မတ်လ ၁၂ ရက်နေ့မှာ ILOနဲ့ ပတ်သတ်ပြီး တတိယမြောက်နေ့အဖြစ် မြေပြင်သပိတ်အင်အားစုတွေက အလုပ်သမားထုဆီ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီလို ဖြန့်ဝေရာမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေနဲ့ တွဲပြီးဖြန်ဝေခဲ့တာဖြစ်ပြီး ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ မြေပြင်သပိတ်အင်အားစုတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“အမျိုးသမီးများကိုလည်း ကိုယ်စားပြုပြီး ILOအတွက် ညီမတိုရဲ့ campaign နောက်တစ်ခုပါ” လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က သရဝဏ် က CJ Platform ကိုပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)က အလုပ်သမားတွေအပေါ် အတင်းအဓမ္မ အလုပ်ခိုင်းစေတာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနဲ့ စည်းရုံးခွင့်စတဲ့ အကာအကွယ်ပေးနေတဲ့ စံနှုန်းတွေကို အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက လိုက်နာခြင်းမရှိပဲ ဖိနှိပ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီလို ပြည်သူလူထုအပေါ်ဖိနှိပ်မှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီအပေါ် အမြန်ဆုံးအရေးယူဖို့ ပြည်သူတွေရဲ့ အသံ၊ သဘောဆန္ဒ ထောက်ခံမှုတွေလိုအပ်တယ်လို့ ဖြန်ဝေတဲ့စာမှာ ပါဝင်ပါတယ်။

 

နိုင်ငံတကာ အလုပ်သမား စံနှုန်းတွေကို မလိုက်နာရင် အရေးယူရတဲ့ပုဒ်မ ဖြစ်တဲ့ ILOရဲ့  ပြဋ္ဌာန်းချက် ပုဒ်မ ၃၃ နဲ့ အရေးယူခံရတာ ILO ရဲ့ သမိုင်းမှာ ၂၀၀၀ ပြည့်နှစ်က မြန်မာနိုင်ငံကို အရေးယူခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဘီလာရုစ် (Belarus) နိုင်ငံကို အရေးယူခဲ့တဲ့ နှစ်ကြိမ်ပဲ ရှိခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – ပေးပို့