သီပေါနဲ့ နောင်ချိုမှာ စစ်ကောင်စီတပ် ပေါင် ၅၀၀ ဗုံးနဲ့ ထပ်ကြဲ

Author လဂွန်းအိမ်
Categories
Published on Oct 12, 2024

နိုင်ငံတဝန်းဗုံးပတ်ကြဲနေတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ သီပေါနဲ့ နောင်ချိုမြို့တွေကို အောက်တိုဘာ ၉ နဲ့ ၁၀ ရက် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

 

အောက်တိုဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းမှာ သီပေါမြို့ ဇရပ်စုရပ်ကွက်နဲ့ သီပေါအကျဉ်းထောင်တို့ကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနဲ့ကြဲချခဲ့တဲ့အတွက် အကျဉ်းထောင်အပါအဝင် လူနေအိမ် ခုနစ်လုံးထက်မနည်း ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ သီပေါမြို့မှာ ယမန်နေ့ အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ခလရ ၂၃ အနီး စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ နှစ်ကြိမ်လာရောက်ပြီး ဗုံးအလုံး ဗုံးအလုံး ၈၀ ကျော် လာကြဲချခဲ့တယ်လို့ TNLA က ပြောပါတယ်။

 

သီပေါမြို့မှာ နောက်ဆုံးကျန်တဲ့ ခလရ-၂၃ မှာ TNLA နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ယမန်နေ့က နမ့်လန်အခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီး ဆယ်လုံးထက်မနည်း ပစ်ကူပေးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

 

သီပေါမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ တအာင်းတပ်တို့ကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ အခု တစ်လနီးပါးကြာတဲ့အထိ အဲဒီမှာ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက ရှမ်းပြည်တောင်ပိုင်းကနေ နမ့်လန်မြို့ကို စစ်ကူအင်အားအများအပြား ဖြည့်တင်းထားတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

 

ဒါ့အပြင် ခလရ ၂၃ တပ်ကိုလည်း Y 12 လေယာဉ်နဲ့ (၁၁)ကြိမ် လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်လို့ အောက်တိုဘာ ၁၀ ရက်နေ့က PSLF/TNLA က ပြောဆိုထားပါတယ်။

 

နောင်ချိုမြို့နယ်၊ အင်းဖိုကျေးရွာကိုလည်း အောက်တိုဘာ ၉ ရက်နေ့က လေကြောင်းအသုံးပြုကာ ဗုံး လေးလုံးကြဲချခဲ့တဲ့အပြင် ဘန့်ဘွေးစစ်ကောင်စီစခန်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒီနှစ်ရက်ဆက်ဗုံးကြဲမှုအတွင်း လူထိခိုက်သေဆုံးမှုရှိမရှိဆိုတာနဲ့ပတ်သက်ပြီး PSLF/TNLA ရဲ့ ထုတ်ပြန်ချက်ထဲ မဖော်ပြထားသလို CJ Platform အနေနဲ့ အဲဒီအချက်အလက်ကို သိရှိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA

 

ပုံစာ – သီပေါအကျဉ်းထောင်အပါအဝင် လူနေအိမ်တွေကို စစ်ကောင်စီက ဗုံးကြဲခဲ့တဲ့မြင်ကွင်း