“ဘယ်သူမှ မလုပ်ရင် ငါလုပ်တယ်ကွ” လို့ ကြွေးကြော်ပြီး အုပ်ချုပ်ရေးမှူးတက်လုပ်သူ ပစ်ခတ်ခံရလို့ သေဆုံး

Published on Jul 11, 2024

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းအုပ်စု၊ ရွှေကူရွာနေ အုပ်ချုပ်ရေးမှူးတစ်ဦး ယမန်နေ့ ဇူလိုင် ၁၀ ရက်မနက်ပိုင်းက ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ပြည်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။

 

ကြို့ပင်ဝိုင်းကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးပွားသီးပစ်ခတ်သတ်ဖြတ်ခံရပြီး တစ်ပတ်အကြာမှာပဲ အုပ်ချုပ်ရေးမှူးသစ်အဖြစ် “ဘယ်သူမှမလုပ်ရဲရင် ငါလုပ်မယ်” လို့ ကြွေးကြော်လုပ်ကိုင်ခဲ့သူ ဦးဝင်းနိုင်(၅၀)နှစ်ခန့်ဟာ တော်လှန်ရေးတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတာဖြစ်ပါတယ်။

 

ဦးပွားသီးနဲ့ ဦးဝင်းနိုင်တို့ဟာ ယခင်ကတည်းက စစ်ကောင်စီအတွက် အတူတွဲလုပ်ကိုင်ခဲ့သူဖြစ်ပြီး သူတို့ကြောင့် တော်လှန်ရေးလုပ်တယ်ဆိုပြီး စွပ်စွဲခံရသူ ခုနစ်ဦး စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ တော်လှန်ရေးရဲဘော်တွေဘက်က ဆိုပါတယ်။

 

“သူလုပ်လို့ ခုနစ်ဦးအဖမ်းခံရတယ်။ နှစ်ဦးသေတယ်။ ပြောရရင် ပွားသီးရှင်းလင်းခံရပြီးကတည်းက ကျွန်တော်တို့ သတိပေးစာထုတ်ထားပြီးသား။ ထပ်ပြီး သတိပေးစာ မထုတ်တော့ဘူး” လို့ ပြည်ခရိုင် ၃၆၀၁ PPDF တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ ရဲဘော် ခုနစ်ဦးထဲက ငါးဦးဟာ စစ်ကြောရေးမှာ ယခုအချိန်ထိ ဖမ်းဆီးနှိပ်စက်ခံနေရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

ဦးဝင်းနိုင်ဟာ သူ့အိမ်ကနေ ထွက်လာချိန် ရွှေကူရွာ အထွက်လမ်းမပေါ်မှာ ပစ်ခတ်ခံခဲ့ရပြီး မနက် ၁၁ နာရီခန့်မှာ ပေါင်းတလည်ဘက်က ဆိုင်ကယ်ဆယ်စီးခန့်ဖြင့် စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်က လာရောက်စစ်ဆေးခဲ့ကာ သေဆုံးရုပ်အလောင်းကို ရွှေကူကျေးရွာရှိ မိသားစုဝင်တွေဆီ ထားခဲ့တယ်လို့ သိရပါတယ်။

 

ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ(၁)နဲ့ တပ်ခွဲ(၄)တို့ရဲ့ ပူးပေါင်းအဖွဲ့ဟာ စစ်ကောင်စီကို ကျောထောက်နောက်ခံပေးနေသူ ရှင်းလင်းရေးစစ်ဆင်ရေးကို တစ်ပတ်ကြာအချိန်ယူခဲ့တယ်လို့ ဆိုပါတယ်။

 

ယခု ကြို့ပင်ဝိုင်းအုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်သတ်ဖြတ်ခံရမှုမှာ ယခုနှစ် မေလ မှ ဇူလိုင်အထိ သုံးလအတွင်း ဦးဝင်းနိုင်အပါအဝင် သုံးဦးရှိပြီဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်