ဧရာဝတီတိုင်းထဲ စပါးလှမ်းစဉ် မိုးရွာသွန်းတာကြောင့် စပါးတွေပျက်စီး

ဧရာဝတီတိုင်းထဲက တောင်သူတချို့နဲ့ စက်ပိုင်ရှင်တချို့ စပါးအခြောက်ခံလှမ်းနေစဉ် အခုရက်တွေထဲ မိုးရွာသွန်းတာကြောင့် လှမ်းထားတဲ့စပါးတွေ မိုးမိပြီး စပါးတွေပျက်စီးခဲ့လို့ ဆုံးရှုံးရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အားပျော့သွားခဲ့ပြီဆိုပေမဲ့ အဲဒီလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပြည်နယ်နဲ့တိုင်းအားလုံးမှာ နေရာကွက်ကြားကနေ နေရာကျဲကျဲ မိုးရွာသွန်းခဲ့တာဖြစ်ပြီး စပါးလှမ်းတောင်သူတွေအနေနဲ့ ပြီးပြတ်အောင် မသိမ်းနိုင်ခင် မိုးရွာသွန်းတာကြောင့် စပါးတွေပျက်စီးခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
“စပါး တစ်ထောင်ကျော် မိုးထဲမှာ ဒီအတိုင်းဘဲဘာမှမလုပ်တတ်ဘူး။ စပါးတွေက အုပ်ဆိုင်းထားတာလည်းရှိတယ် ဒါပေမဲ့ နေပူနေတော့ ထုတ်လှမ်းတာ ပြန်သိမ်းနေရင်း မိုးရွာချတော့ အတန်းလိုက် အကုန်စိုကုန်တာ။ မီသလောက်တော့ သိမ်းနိုင်ပေမဲ့ မမီလိုက်ဘူး” လို့ ညောင်တုန်းမြို့နယ်က လယ်သူမတစ်ဦးက CJ Platform ကိုပြောပါတယ်။
ရန်ကုန်-ပုသိမ်လမ်းမအနီး စပါးလှမ်းတောင်သူတွေလည်း မနေ့ကမိုးရွာနေစဉ် မိုးမိတဲ့အတွက် စပါးတွေပျက်စီးခဲ့ရတာကို တွေ့ခဲ့ရတယ်လို့ ခရီးသွားတစ်ဦးဆီကနေလည်း သိရပါတယ်။
စပါးတွေ ရေစို၊ မိုးမိ ဖြစ်ပါက မှိုတက်တာ၊ ဆန်ရောင်ပျက်တာ၊ ဆန်သားအက်ပြီး ဆန်အရည်အသွေးကျဆင်းသွားတာဖြစ်တဲ့အပြင် ဆန်စက်မှာ ကြိတ်ခွဲရင်လည်း အကျိုးအကြေများပြီး ဆန်အရည် အသွေးညံ့တဲ့ ဆန်ပဲရရှိတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် တောင်သူတွေအနေနဲ့ ရိတ်သိမ်းစပါးတွေကို ရေစို၊ မိုးမိ မဖြစ်ရလေ အောင် အထူးအလေးအနက်ထားကြရပြီး အခုလို အချိန်အခါမဟုတ် မိုးရွာသွန်းတာကြောင့် စပါးရိတ်သိမ်းချိန်၊ နေလှမ်းချိန်နဲ့ မိုးရွာတာတိုက်ဆိုင်သွားချိန်မှာတော့ တောင်သူတွေအနေနဲ့ အရှုံးနဲ့ရင်ဆိုင်ကြရတာပါ။
“ ကျွန်တော်တို့ကတော့ နောက်စိုက်ပေါ့ ဒီနှစ်ထဲ အထွက်ကောင်းတယ် တစ်ဧကကို အနည်းဆုံး ၁၅၀ ကျော်ထွက်တာ ဒါပေမဲ့ စပါးဈေးက ထိုးကျနေတော့ ကျန်သင့်သလောက်မကျန်ဘူး။ ဒုံရင်းပါပဲ “ လို့ ပန်းတနော်မြို့နယ်က လယ်သမားတစ်ဦးက CJ Platform ကိုပြောပါတယ်။
လက်ရှိမှာ စပါးဈေးကွက်ထဲ အခုနွေစပါးဈေးအပြင် ပြီးခဲ့တဲ့ မိုးစပါးဈေးနှုန်းတွေပါ ဈေးနှုန်းကျဆင်းနေတာဖြစ်ပြီး ဝယ်ယူသူလည်း မရှိသလောက်ဖြစ်နေတယ်လို့ လယ်သမားတွေဆီကနေ သိရပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ စပါးစျေးနှုန်းတွေက နွေစပါးဆိုရင် အညာသားစပါးစက်ကျကို ကျပ် ၁၃ သိန်းဝန်းကျင် နေလှန်းစပါးအခြောက်က ကျပ် ၁၄ သိန်းခွဲဝန်းကျင် ရက် ၉၀ စပါးဆိုရင် စက်ကျကိုကျပ် ၁၂ သိန်းခွဲ ဝန်းကျင်နဲ့ နေလှန်းအခြောက်က ၁၅ သိန်းကျပ်ဝန်းကျင် ရှိတယ်လို့စုံစမ်းသိရှိရပါတယ်။
GW 11 စပါး၊ ဆာဖိုးသာ ၊ ဗီယက်နမ် နဲ့ နယူးဧရာစပါးအသစ်တွေကတော့ စပါးတင်း ၁၀၀ ကိုမှ ကျပ် ၁၉ သိန်းခွဲ ဝန်းကျင်နဲ့ စျေးနှုန်းကျဆင်းနေပြီး စပါးစျေးနှုန်းဟာ နေရာဒေသအလိုက် စျေးနှုန်း အပြောင်းအလဲ ကွာခြားမှုရှိနိုင်ပါတယ်။
ဘင်္ဂလားပင်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လက်ရှိအချိန်မှာ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၄၅၀ ခန့် အကွာမှာ ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒီကနေ့ကနေ ၁၄ ရက်နေ့အထိ နိုင်ငံတဝန်း မိုးအနည်းငယ်ကနေ မိုးအသင့်အတင့် ရွာနိုင်မယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ရခိုင်ကမ်းရိုးတန်းနဲ့ ရခိုင်ပြည်မြောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်၊ နေပြည်တော်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပုံစာ – လယ်သမားများ စပါးလှမ်းနေစဉ် (ပုံဟောင်း)