စစ်ကောင်စီကို ILO အနေဖြင့် ထိရောက်စွာအရေးယူဖို့ ဒုတိယမြောက်နေ့ဆန္ဒပြ

Author CJ Platform
Categories
Published on Mar 11, 2025

အလုပ်သမားထုအပေါ် ဖိနှိပ်နေတဲ့ စစ်ကောင်စီအပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အနေနဲ့ ထိရောက်စွာ အရေးယူပေးနိုင်ဖို့ ရန်ကုန်မြေပြင်သပိတ်အင်အားစုက ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ ဒုတိယအကြိမ်ဆန္ဒပြခဲ့ကြတယ်လို့ ရန်ကုန်သပိတ်အင်အားစုတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးတင်းကြပ်ထားတဲ့ ကြားကနေ တော်လှန်လူငယ်တွေက “ ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025 “ စာသားပါ ရုပ်ပုံတွေကို ကိုင်ဆောင်ပြီး ဓာတ်ပုံကမ်ပိန်းနဲ့ ဆန္ဒပြ လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။

 

 

မြန်မာအလုပ်သမားထုရဲ့ အခြေခံလွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်နဲ့ အခွင့်အရေးတွေအပေါ် မတရားဖိနှိပ်တားမြစ်နေတဲ့ အတွက် စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အနေဖြင့် “ Article 33 “ နဲ့ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုတိုက်တွန်းတာဖြစ်တယ်လို့ ရန်ကုန်သပိတ်အင်အားစုများက ဆိုပါတယ်။

 

စစ်ကောင်စီကို ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ – ၃၃ အရ အရေးယူဖို့  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ၃၅၂ ကြိမ်မြောက် ILO ရဲ့ အုပ်ချုပ်မှုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ထားပြီး ဒီဆုံးဖြတ်ချက်ကို လာမယ့် ဇွန်လမှာကျင်းပမဲ့ ILO ညီလာခံကနေ အတည်ပြုဖို့ ရှိနေတာကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဆန္ဒပြတောင်းဆိုတာတွေ ရှိနေတာပဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – ပေးပို့