ဇိုမီးတပ်ဖွဲ့ ဖမ်းသွားတဲ့ ကလေးငယ် ၉ ဦး ပြန်လွတ်

Author ဆလိုင်း
Categories
Published on Jul 10, 2024

ချင်းပြည်၊ တီးတိန်မြို့နယ်၊ တုန်းဇံကျေးရွာမှ စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ကလေးငယ် ကိုးဦး မနေ့ ဇူလိုင်လ ၉ ရက်နေ့က ပြန်လွတ်လာကြတယ်လို့ အဲဒီဒေသခံများထံမှ သိရပါတယ်။

 

တုန်းဇံရွာက လူငယ်လူရွယ်တွေကို ဇူလိုင်လ ၆ ရက်နေ့မှာ ဇိုမီးတော်လှန်ရေးတပ်(ZRA)အဖွဲ့က ၎င်းတို့ထံ စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းပြီးနောက် မဲပေါက်သူ ကိုးဦးကို ဖမ်းဆီးခေါ်ဆောင်သွား ခြင်းဖြစ်ပါတယ်။

 

၎င်းတို့ကို ပြန်လွှတ်ပေးဖို့ ရပ်မိရပ်ဖ ကိုယ်စားလှယ် ငါးဦးက ZRA တပ်စခန်းသို့ သွားရောက်ပြီး တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီးနောက် ယခုကဲ့သို့ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အဓိက ကလေးတွေဟာ အသက်မပြည့်သေးဘူး။ အဲဒီအတွက် စစ်မှုထမ်းခိုင်းဖို့ဆိုတာ လုံးဝ အဆင်မပြေဘူးလေ။ ရပ်မိရပ်ဖတွေက ZRA တပ်စခန်းကို ချက်ချင်းသွားရောက်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာပါ။ မနေ့က အကုန်လုံး ပြန်ရောက်လာကြပါပြီ” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီ ကလေးတွေဟာ အသက် ၁၃ နှစ်နဲ့ ၁၅ နှစ်ကြားသာ ရှိသေးသလို အလယ်တန်းကျောင်း တက်ရောက်တဲ့ ကျောင်းသားတွေဖြစ်တယ်လို့လည်း သိရပါတယ်။

 

ကလေးမိဘတွေကလည်း ကလေးတွေ ဖမ်းဆီးခံထားရတဲ့ အချိန်ကစလို့ ၎င်းတို့ရဲ့ အသက်အန္တရာယ်၊ ကျန်းမာရေးအခြေအနေတွေ စိုးရိမ်ခဲ့ကြရတယ်လို့ ကလေးမိဘတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကျွန်တော့်သားလေးက ကျန်းမာရေးအရမ်းချူချာတယ်။ အသက်ကလည်း ငယ်လေးရှိသေးတယ်။ အဲဒီလိုလူကို စစ်မှုထမ်းခိုင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ သူ့အမေဆို ဖမ်းခေါ်သွားတဲ့အချိန်ကစပြီး ထမင်းလည်းမစားနိုင်ဘူး။ အချိန်ပြည့် ငိုနေတော့တာပဲ။ အခု သားပြန်ရောက်လာမှ စိတ်အေးရတော့တယ်။ ရပ်ဖိရပ်ဖတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဒါအပြင် ZRA အဖွဲ့က ဇူလိုင်လ ၇ ရက်နေ့ကလည်း တုန်းဇံကျေးရွာသို့ ဒုတိယအကြိမ် ထမ်မံလာရောက်ကာ ကျေးရွာထဲက အမျိုးသားတွေကို စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းပြီးနောက် မဲပေါက်တဲ့ အမျိုးသား ၂၀ ဦးကို ၎င်းတို့ခေါ်တဲ့အချိန် စစ်မှုထမ်းရမယ်လို့ ပြောဆိုခဲ့တဲ့အကြောင်း ရွာခံတွေက ပြောပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ- ပြန်လွတ်လာကြတဲ့ ကလေးငယ်တွေကို တွေ့ရစဉ်