လားရှိုးမှာ အုပ်ချုပ်ရေး ယန္တရားအတွင်း တရုတ်စာနဲ့စကား တတ်မြောက်သူတွေကိုသာ နေရာပေးနေတာကြောင့် CDM ဝန်ထမ်းတွေ အခက်တွေ့

Author CJ Platform
Categories
Published on Mar 10, 2025

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ အုပ်ချုပ်ရေး ယန္တရားအတွင်း တရုတ်စာနဲ့ တရုတ်စကား တတ်မြောက်သူတွေကိုသာ နေရာပေးနေတာကြောင့် CDM ဝန်ထမ်းတွေအနေနဲ့ အခက်တွေ့နေပြီ Non CDM ဝန်ထမ်းအချို့ကိုပါ ပြန်လည် ခန့်ထားနေတယ်လို့ လားရှိုးမြို့ကို ရောက်ရှိနေသူတွေဆီက သိရပါတယ်။

 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပြင် အုပ်ချုပ်ရေးယန္တရား ဖွဲ့စည်းပုံတွေအတိုင်း MNDAA က ပြန်လည်ဖွဲ့စည်း လုပ်ဆောင်နေရာမှာ CDM ဝန်ထမ်းတွေကို ဦးစားပေး ခန့်ထားခဲ့ပေမဲ့ တရုတ်စာ၊တရုတ်စကား မတတ်တဲ့ ဝန်ထမ်းတွေ အခက်တွေ့နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

 

“CDM တွေက လုပ်ငန်းခွင်အတွေ့အကြုံရှိပြီးသားလေ အလုပ်ကို သေချာလုပ်တတ်သူချည်းပဲ၊ ဒါပေမဲ့ တရုတ်စကားမတတ်တော့ သူတို့ကို ဆက်သွယ်ဖို့ အခက်အခဲဖြစ်တယ် အဲဒီလိုဖြစ်နေတာမှာ တရုတ်စာတတ်ပြီး လုပ်ငန်းမလုပ်တတ်သူတွေက နေရာဝင်ယူပြီး လုပ်နေကြတယ်”လို့ လာရှိုးမြို့ကို ရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ဌာနအချို့မှာ Non CDM ဝန်ထမ်းတွေကိုပါ ထည့်သွင်း ခန့်အပ်မှုတွေရှိနေပြီး CDM ဝန်ထမ်းတွေနဲ့ လုပ်ငန်းခွင်အတွင်း ပွတ်တိုက်မှုတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

 

“Non တွေကို ခန့်တာမှာ တရုတ်စကားပြောတတ်ပြီး ရေးတတ်သူတွေကို ပြန်ခန့်တာ၊ အလုပ်ထဲမှာကျတော့ သူတို့က ပညာပြရော CDM တွေနဲ့ ပြသနာတက်ကြတယ်”လို့ လားရှိုးမြို့ကို ရောက်ရှိနေတဲ့ CDM ဝန်ထမ်းတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီနဲ့ MNDAA တို့ ဆွေးနွေးပွဲအပြီးမှာ လာရှိုးမြို့ကနေ MNDAA က ပြန်လည်ဆုတ်ခွာပေးမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ လက်ရှိအချိန်ထိ MNDAA က လာရှိုးမြို့ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး ယန္တရားတွေ လည်ပတ်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – လားရှိုးမြို့ပြန်လည်ထူထောင်ရေး