ဗိုလ်ချုပ်လမ်းစဉ်အတိုင်း ဆက်သွားဖို့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် ပြော

Author CJ Platform
Categories
Published on Jul 20, 2025

ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့တဲ့ လမ်းကြောင်းအတိုင်း ဆက်သွားဖို့ မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ ပြောဆိုခဲ့ပါတယ်။

 

ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည်ကုန်းမှာ ပြုလုပ်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်ကောင်စီဝါဒဖြန့်သတင်းဌာနရဲ့ မေးမြန်းချိန်မှာ အခုလို ဖြေဆိုခဲ့တာလည်း ဖြစ်ပါတယ်။

 

“ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးစားသွားတယ်။ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံတစ်ခုအဖြစ် သွားနိုင်ဖို့ ဗိုလ်ချုပ်မျှော်မှန်းခဲ့တယ်။ ဗိုလ်ချုပ်တို့က အသက်စွန့်ပြီးတော့ အသက်ပေးပြီးတော့ လုပ်သွားကြတာပါ” လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

 

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပြောဆိုခဲ့ပါသေးတယ်။

 

ဒါပေမယ့် မနေ့ ဇူလိုင် ၁၉ ရက် မနက် ၁၀ နာရီဝန်းကျင် အာဇာနည်နေ့အခမ်းအနား ကျင်းပနေချိန် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်မြေဖြစ်တဲ့ နတ်မောက်မြို့ထဲက ကံသာရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ကျေးရွာအတွင်းက စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

 

အခု ဇူလိုင်လ ၁၁ ရက်က စစ်ကိုင်းမြို့ လင်းတလူကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၂ ဦး သေဆုံးခဲ့မှုအပါအဝင် နိုင်ငံတစ်ဝန်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်သတ်ဖြတ်မှုတို့ကြောင့် ပြည်သူ ၆၉၇၄ ဦးအထိ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အခု ဇူလိုင် ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ သေဆုံးခဲ့သူတွေထဲမှာ ကလေး ၈၅၄ ဦးနဲ့ အမျိုးသမီး ၁၇၂၇ ဦးတို့ ပါဝင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက ဒေသခံပြည်သူ နေအိမ်တွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၃ ဒသမ ၄ သန်းကျော်ရှိတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ကလည်း အခု ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။

 

ဓာတ်ပုံ – pro-SAC

 

ပုံစာ – ဇူလိုင် ၁၉ ရက်က ကျင်းပခဲ့တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့စဉ်။