မော်ချီးက လှေလှော်ထီးရွာကို စစ်ကောင်စီ ဗုံးကြဲလို့ မိသားစုဝင် ၅ဦး သေဆုံး

Author CJ Platform
Categories
Published on Jul 10, 2025

ကရင်နီပြည် မော်ချီးမြို့နယ် လှေလှော်ထီးကျေးရွာကို စစ်ကောင်စီလေတပ်က မနေ့ ဇူလိုင်လ ၉ ရက် ည ၈ နာရီအချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစုဝင် ၅ ဦးလုံး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်ကောင်စီက ကြဲချခဲ့တဲ့ ဗုံးဟာ လူနေအိမ်တစ်လုံးပေါ်ကို တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစုဝင်အားလုံး သေဆုံးခဲ့ရတဲ့အပြင် အနီးရှိ ခရစ်ယာန်ဘုရားကျောင်းနဲ့ လူနေအိမ်အချို့လည်း ပျက်စီးခဲ့ရသလို ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်ပွားတာတွေတော့ ဒီနေရာမှာ မရှိဘူး၊ ဖားဆောင်းဘက်မှာတော့ ရှိတယ်။ ညအိပ်ကာနီးအချိန်မှာ ဗုံးလာကြဲသွားတာ။ ဘုရားကျောင်းက အမျိုးသမီးတော့ ဆေးရုံပို့ထားတယ်” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါအပြင် ဒဏ်ရာရသူတွေကို ဆေးရုံပို့ဖို့ မိုးတွင်းကာလ ဖြစ်တာကြောင့် သွားလာရေး ခက်ခဲတာတွေ ရှိတယ်လို့ သူမက ဆက်ပြောပါတယ်။

 

သေဆုံးသွားတဲ့ မိသားစုဝင်တွေထဲ ကလေးငယ်နှစ်ဦးပါဝင်ပြီး အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦး စုစုပေါင်း ငါးဦး ဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက မော်ချီးမြို့နယ်အတွင်းရှိ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို မကြာခဏ ဗုံးကြဲသလို မော်ချီးသတ္တုတွင်းရှိ အလုပ်ကျင်းတွေကိုလည်း ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိတာတွေ ရှိနေပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကလည်း မော်ချီးသတ္တုတွင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

 

ကရင်နီပြည်အတွင်း မိုးဗြဲနဲ့ ဖားဆောင်းမြို့တို့မှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

 

ဖားဆောင်းမှာတော့ စစ်ကောင်စီရဲ့ အဓိကတပ်ရင်းနှစ်ခုဖြစ်တဲ့ ခြေလျင်တပ်ရင်း ခလရ ၁၃၄ နဲ့ ၁၃၅ တပ်ရင်းတို့အနက် ခလရ ၁၃၄ ကို တော်လှန်ရေးအင်အားစုတွေက အခု ဇူလိုင်လဆန်းပိုင်းမှာပဲ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – CJ