မိုးကုတ်ကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၄၀ ကျော် သေဆုံး

Author CJ Platform
Categories
Published on Aug 26, 2025

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်အုပ်စုက တစ်လအတွင်း ဗုံးကြဲတိုက်ခိုက်မှု ၆ ကြိမ်အထိ လုပ်ဆောင်ခဲ့တာကြောင့် သာမဏေ (ကိုရင်) ၂ ပါးအပါအဝင် အရပ်သားပြည်သူ ၄၁ ဦးအထိ သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် (PSLF/TNLA) က ထုတ်ပြန်လာပါတယ်။

မနေ့ ဩဂုတ် ၂၅ ရက် ည ၁၁ နာရီဝန်းကျင်ကလည်း မိုးကုတ်မြို့၊ စည်ပင်သာယာရပ်ကွက်ကို စစ်အုပ်စုက ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတစ်ဦး ထိခိုက်ခဲ့ပြီး နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

 

ဒါဟာ အခု ဩဂုတ်လ ဆန်းပိုင်းကနေ ၂၆ ရက်နေ့အထိ မိုးကုတ်မြို့ကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှု ၆ ကြိမ်ထိ လုပ်ဆောင်လာတာဖြစ်ပြီး သံဃာတော်နဲ့ ကလေးအပါအဝင် အပြစ်မဲ့ပြည်သူ ၄၀ ကျော် သေဆုံးခဲ့ကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

မိုးကုတ်မြို့နယ်နဲ့ ကပ်လျက်ရှိနေတဲ့ နောင်ချိုမြို့နဲ့ သပိတ်ကျင်းမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားသလို ကျောက်မဲမြို့ကိုလည်း စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေချိန် မိုးကုတ်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ဖိအားပေး လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – TNLA