မြိုင်မြို့နယ် စီမံကိန်းရုံးက စစ်ကောင်စီအထိုင်စခန်း တိုက်ခိုက်ခံရပြီး ၁၂ ဦးကို ဖမ်းဆီးရမိ

Author CJ Platform
Categories
Published on Jul 11, 2025

မကွေးတိုင်း မြိုင်မြို့နယ် စီမံကိန်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအထိုင်စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က  ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

မြိုင်-ပခုက္ကူ ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းတပ်စွဲထားတဲ့ အထိုင်စခန်းကို ဇူလိုင် ၉ ရက် မနက် ၄ နာရီခွဲ ဝန်းကျင်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို ၁၂ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

နှစ်ဖက်တိုက်ပွဲ တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ လေယာဉ်နဲ့ လေကြောင်းပစ်ကူပေးခဲ့ပေမဲ့ ည ၇ နာရီဝန်းကျင်မှာ စီမံကိန်းရုံး အထိုင်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့တယ်လို့လည်း မြိုင်ပကဖက ဖော်ပြထားပါတယ်။

 

တိုက်ပွဲအတွင်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့သလို ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

 

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူတွေထဲမှာ စစ်ကောင်စီတပ်သား ၂ ဦးနဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ပါဝင်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း G3 (၁၀) လက်၊ MA3 (၁) လက်၊ MA4 (၁) လက်၊ 79 (၁) လက်၊ G3 ကျည်ဘောက် (၁၅) ဘောက်၊ MA ကျည်ဘောက် (၂) ဘောက်၊ G3 ကျည် (၁၃၆) တောင့်၊ ၅ဒသမ၅၆ ကျည် (၃၇) တောင့်၊ လက်ပစ်ဗုံး (၉) လုံး၊ 79 အဖူး (၆) ဖူး၊ ဦးထုပ် (၅) လုံး၊ ဖုန်း (၃) လုံး၊ အီကွေးမန့် (၇) ခု၊ ငွေသား ၂၂ သိန်းတို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

အခုစစ်ဆင်ရေးကို မြိုင်ညီညွတ်ရေးတပ်ပေါင်းစု၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ ညီနောင်သုံးဖော် (YSO)၊ တပ်ပေါင်းစု (Good Brother)၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ ကင်ဒို (ဒရုန်း) ပေါက်၊ အညာမြေ ပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ Burma Revolution Ranger (BRR)၊ NFTA၊ Scorpion People Defense Force တို့က ပူးပေါင်းကာ စစ်ဆင်ရေး ဖော်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – မြိုင်ပကဖ

 

ပုံစာ – မြိုင်မြို့နယ်တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေကို တွေ့ရစဉ်