မြဝတီ အမှတ် (၂) တံတားကို စစ်အုပ်စု အင်အားပြ ဖြည့်တင်းနေလို့ ဒေသခံတွေ စိုးရိမ်နေ

ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတားဖြစ်တဲ့ မြဝတီ အမှတ် (၂) တံတားမှာ စစ်အုပ်စုက ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့ ညက အင်အားပြ ဖြည့်တင်းလာတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အမှတ်(၂) တံတား ဝန်းကျင်ကို စစ်အုပ်စုရဲ့ မြဝတီမြို့ အခြေစိုက် အမှတ် (၂၇၅) ခြေမြန်တပ်ရင်း (ခမရ-၂၇၅) ကနေ အင်အား ၂၀၀ ကျော်နဲ့ ဝင်ရောက်တပ်စွဲထားတာလို့ သိရပါတယ်။
“သတင်းကတော့ ၂၀၀ ပဲထွက်တယ်၊ အမှန် ၃၀၀ ရောက်တာ။ တစ်စီးကို လူ ၅၀၊ ကား ၆ စီးနဲ့ လာချတယ်။ ၂၇၅ က ထွက်လာတာ” လို့ မြဝတီမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စုက ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတားဖြစ်တဲ့ မြဝတီ အမှတ် (၂) တံတားကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့က ယာယီပိတ်ခဲ့ပြီးနောက် အခုလို အင်အားဖြည့်တင်းလာတာတွေကြောင့် ဒေသခံတွေအနေနဲ့ ပိုမိုစိုးရိမ်နေကြတာပါ။
မြဝတီမြို့နယ်အတွင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို စစ်အုပ်စုက အင်အားပြလာတာတွေ ပြုလုပ်လာတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ အရာရှိတွေ မြဝတီ အမှတ် (၂) တံတားကို လာမှာဖြစ်တဲ့အတွက် အခုလို အင်အားဖြည့်တင်းတာတွေ ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ထိုင်းနိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) ကလည်း ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတား ကုန်သွယ်ရေးဂိတ်ကို မြန်မာစစ်အုပ်စုဘက်က တစ်ဖက်သတ် ပိတ်ဆို့ထားမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်အုပ်စု သံအမတ်ကို ခေါ်ယူတွေ့ဆုံဖို့လည်း ရှိနေပါတယ်။
မြဝတီမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တစ်ရက်အကြာမှာပဲ ကရင်နယ်ခြားစောင့်တပ်က မြို့ကို ထိန်းသိမ်းထားခဲ့တာပါ။
စစ်အုပ်စုက ပြီးခဲ့တဲ့ ဧပြီလ ကုန်ပိုင်းက စတင်ကာ မြဝတီမြို့ကို အပြည့်အဝ မထိန်းချုပ်နိုင်တော့တဲ့ နောက်ပိုင်း ခလရ-၂၇၅ အတွင်း အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ကာ မြဝတီမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ ပြုလုပ်လာတာတွေ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ပုံစာ – မြဝတီ အမှတ်(၂) တံတားအနီးရှိ စစ်အုပ်စု စခန်းချရာနေရာကို မြင်ရပုံ (ပုံဟောင်း)