စစ်ကော်မရှင် ရွေးကောက်ပွဲ ပူးပေါင်းသူတွေကို အရေးယူမယ်လို့ KNU တပ်မဟာ (၅) ထုတ်ပြန်

Author CJ Platform
Categories
Published on Aug 27, 2025

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ မူတရော်ခရိုင် တပ်မဟာ (၅) က စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်သူတွေကို အရေးယူသွားမယ်လို့ ဩဂုတ်လ ၂၆ ရက်နေ့မှာ သဘောထား ထုတ်ပြန်လိုက်ပါတယ်။

 

KNU ဗဟိုက စစ်ကော်မရှင်ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာပြီးနောက်မှာပဲ မူတရော်ခရိုင် (တပ်မဟာ ၅) ကလည်း အရေးယူဆောင်ရွက်မယ့်အကြောင်း ထပ်ဆင့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

ဒီရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင်လုပ်ဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့အတွက်ပဲ ရည်ရွယ်တာကြောင့် လုံးဝအသိအမှတ်ပြု လက်မခံနိုင်ဘူးလို့ တပ်မဟာ (၅) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုကနေ ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲမဟုတ်ဘဲ စစ်တပ်နဲ့ သူတို့ရဲ့ မိတ်ဖက်တွေအတွက်ပဲ အကျိုးရှိစေမယ့် တရားမမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

ဒါကြောင့် တပ်မဟာ (၅) ထိန်းချုပ်နယ်မြေထဲက ပြည်သူတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဒီရွေးကောက်ပွဲမှာ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ် မပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။

 

ရွေးကောက်ပွဲမှာ ပါဝင်တာဟာ “အဆိပ်ပင် ရေလောင်းတဲ့ သမိုင်းတရားခံ” ဖြစ်သွားနိုင်တယ်လို့လည်း ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။ ဒီတိုက်တွန်းချက်ကို မလိုက်နာသူတွေကို အသိပညာပေး သတိပေးတာ၊ ခေါ်ယူထိန်းသိမ်းတာနဲ့ ထိန်းချုပ်နယ်မြေပြင်ပကို နယ်နှင်ဒဏ်ပေးတာတွေအထိ အဆင့်ဆင့်အရေးယူသွားမယ်လို့ဆိုပါတယ်။

 

လက်ရှိနိုင်ငံရေးအကျပ်အတည်းရဲ့ အဖြေမှန်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို အားလုံးသဘောတူညီမှုနဲ့ ရေးဆွဲပြီး အဲဒီဖွဲ့စည်းပုံနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲကသာ နိုင်ငံရဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်မယ်လို့ ယုံကြည်ကြောင်း KNU တပ်မဟာ (၅) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – pro SAC