PDF ကို ဖမ်းဖို့ ဆိုင်ကယ်နှင့်လိုက်သွားသည့် နံချပ်ကူဗန်ဒိန်းအပါအဝင် ရဲနှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရ

Author အောင်နိူင်သူ
Categories
Published on Sep 26, 2022

PDF တွေကို ဖမ်းဖို့ဆိုင်ကယ်နှင့်လိုက်သွားသည့် မန္တလေးအောင်ပင်လယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ယနေ့ မနက်ပိုင်းက ပစ်ခတ်ခံခဲ့ရသည်ဟု မြို့ခံတွေဆီက သိရသည်။

ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရဲစခန်းမှ ရဲတပ်ဖွဲ့များသည် ယနေ့ နံနက်ပိုင်းတွင် စောင့်ကြည့်လုံခြုံရေးယူထားစဥ် ဆိုင်ကယ်ဖြင့် လူငယ်နှစ်ဦးအား တွေ့၍ PDF များဟုဆိုကာ ရဲနှစ်ဦးမှ ပြေးလိုက်သွားရာမှ ပစ်ခတ်ခံရတာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မလိုက်နဲ့လို့ပြောတာမရဘူး ကြာတယ်ဗျာ ဆိုပြီး နှစ်ယောက်သားလိုက်သွားတာ ခဏနေတော့ ဖုန်းဝင်လာလို့ကိုင်လိုက်တော့ သေနတ်နဲ့ပစ်ခံရပြီး ဆေးရုံမှ ရောက်နေတယ်ကြားတယ်”ဟု ပြောသည်။

သေနတ်ဖြင့်ပစ်ခတ်မှု့ကြောင့် အောင်ပင်လယ်ရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲစခန်းအနီးနေသူတစ်ဦးက ပြောသည်။

“အပစ်ခံရတဲ့ရဲက နံကျပ်ကူလား ဘာလားမသိဘူး ခါးမှာအမြဲထိုးထားတယ် ဟိုကသေနတ်နဲ့ပစ်ရင် အဲ့ဒါနဲ့လုပ်လို့ရတာမှ မဟုတ်တာ သူ့ကို ရဲတွေခေါ်တာရှိသေးတယ် ဗန်ဒိန်း ဆိုလားဘဲ အခုတော့ဆေးရုံမှာ”ဟုပြောသည်။

လက်ရှိအခြေအနေတွင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲစခန်းမှာ စစ်ကောင်စီတပ်နှင့် ရဲများလုံခြုံရေးတိုးမြှင့်ချထားသည်ဟု မြို့ခံတွေဆီက သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရဲစခန်းတွင် မကြာခဏ ဗုံးပေါက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။