တရုတ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး အောင်ပွဲ စစ်အုပ်စုခေါင်းဆောင် တက်ရောက်မယ်

စစ်အုပ်စုခေါင်းဆောင်ဖြစ်တဲ့ စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက်နေ့ တရုတ်နိုင်ငံမှာ ကျင်းပမယ့် တရုတ်ပြည်သူများရဲ့ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်မှာဖြစ်တယ်လို့ စစ်ကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို အလုပ်သဘောအရ သွားရောက်ရမှာဖြစ်ပြီး ထျန်းကျင်းမြို့မှာ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်မယ်လို့ ဆိုပါတယ်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးမှာ နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါဝင်မှာဖြစ်ပြီး စစ်ခေါင်းဆောင်အနေနဲ့ ဆွေးနွေးဘက် နိုင်ငံအဖြစ်သာ ပါဝင်မှာဖြစ်ပါတယ်။
တရုတ်နိုင်ငံက စစ်ရေးပြအခမ်းအနားမှာတော့ ရုရှားသမ္မတ၊ အိန္ဒိယဝန်ကြီးချုပ်၊ မြောက်ကိုရီးယားသမ္မတနဲ့ အခြားနိုင်ငံတွေလည်း တက်ရောက်မှာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ တရုတ်နိုင်ငံက အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ့်အပြင် အခြားနိုင်ငံခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် စစ်ခေါင်းဆောင်က ပညာရေးကဏ္ဍ၊ စက်မှုကဏ္ဍနဲ့ စီးပွားရေးကဏ္ဍတွေကိုပါ လေ့လာသွားမှာဖြစ်ပြီး စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလတုန်းက တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့ပြီး ဒီတစ်ကြိမ်ဟာ ဒုတိယအကြိမ် သွားရောက်တာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – AFP
ပုံစာ – စစ်ခေါင်းဆောင်နှင့် တရုတ်သမ္မတတို့ တွေ့ဆုံစဉ် (ပုံဟောင်း)