ဆေးရုံမှာ လချီတက်ရောက်ပြီး ဆေးကုသခံနေတဲ့ စစ်အရာရှိတွေ ဆေးရုံအမြန်ဆင်းဖို့ စစ်အုပ်စုက ဖိအားပေး

စစ်ဆေးရုံတွေမှာ လချီတက်ရောက်ပြီး ဆေးကုသခံနေတဲ့ စစ်အုပ်စုလက်အောက်ခံ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ ဗိုလ်တွေကို ဆေးရုံကနေ အမြန်ဆုံးဆင်းဖို့ စစ်အုပ်စုရဲ့ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးကနေ ဖိအားပေးကာ ဆေးရုံဆင်းဖို့နဲ့ ဆေးရုံပြောင်းရွှေ့ခိုင်းတဲ့ လျှို့ဝှက်ညွှန်ကြားစာတစ်စောင်ကို CJ Platform က လက်ခံရရှိထားပါတယ်။
ဆေးရုံတွေမှာ တစ်လနဲ့အထက် တက်ရောက်ပြီး ဆေးကုသမှုခံယူနေတဲ့ စစ်အုပ်စုလက်အောက်ခံ အရာရှိ ၁၄၂ ဦးထိ ရှိနေပြီး၊ အချို့ဟာ ၁ နှစ်ကျော်ထိ ဆေးရုံတွေမှာ တက်ရောက်နေခဲ့တာဖြစ်ပါတယ်။
ဆေးရုံဆင်းဖို့ ဖိအားပေးခံရသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီး ၆ ဦး၊ ယာယီ ဒုတိယဗိုလ်မှူးကြီး ၄ ဦး၊ ဗိုလ်မှူး ၂၇ ဦး၊ ယာယီဗိုလ်မှူး ၄ ဦး၊ ဗိုလ်ကြီး ၈၅ ဦးနဲ့ ဗိုလ်အဆင့်တွေပါ ပါဝင်နေပါတယ်။
စစ်အုပ်စုဟာ ဆေးရုံတက်ကာလ ကြာမြင့်နေတဲ့ အရာရှိတွေကို စိစစ်ပြန်ကြားရေးလို့ ရည်ညွှန်းပြီး စစ်ရာထူးခန့်ချုပ်ရုံးက စက်တင်ဘာ ၁၉ ရက်နေ့ ရက်စွဲနဲ့ ဆေးရုံတက်ရက် တစ်လကျော်ကြာမြင့်နေတဲ့ အရာရှိတွေကို ဆေးရုံအမြန်ဆုံးဆင်းဖို့နဲ့ ဆေးရုံပြောင်းဖို့အတွက် ထည့်သွင်းညွှန်ကြားထားတာကို ပေါက်ကြားလာတဲ့ လျှို့ဝှက်ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။