ဝက်လက်မှာ စစ်အုပ်စုက ဒေသခံ ၃၀ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်အုပ်စုက ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ စစ်ကြောင်းထိုး ဝင်ရောက် နေပြီး တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံထောင်နဲ့ချီ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရှိမ်းမကားကျေးရွာက ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်အုပ်စုစစ်ကြောင်းဟာ ရှိမ်းမကားရွာသစ်ရွာက စစ်ဘေးရှောင်တွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၁၆ရက်နေ့မှာ သက်ကြီးပိုင်းတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် လူငယ် ၃၀ ကျော်ကိုတော့ ဒီကနေ့ အောက်တိုဘာ ၁၈ ရက်နေ့အထိ ဆက်လက်ဖမ်းဆီးထားတယ်လို့ Wetlet Informational Network ဆီက သိရပါတယ်။
“ဒီဘက်ကတော့ နေရတာ အသင့်အနေအထားနဲ့ ရှိနေရတာပေါ့၊ ဒီကောင်တွေက ဓားစာခံက လေးဆယ်လောက် ရှိတယ်၊ လူငယ်တွေ မလွှတ်သေးဘူး၊ လူကြီးတွေသာ လွှတ်တာဗျ၊ မလွှတ်သေးဘူး အတော်များတယ်ဗျ” လို့ ဝက်လက်မြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စုစစ်ကြောင်းကြောင့် လက်ရှိချိန်မှာ ဝက်လက်မြို့နယ် အင်းဒေါင်းရွာ၊ ငါးတိုက်တောင်ရွာ၊ မင်းရွာတောင်ရွာ၊ မင်းကုန်းလေးရွာနဲ့ ဖိုးဝင်းတပ်ရွာက ပြည်သူတွေအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာတွေက ထောင်နှင့်ချီတဲ့ ပြည်သူတွေ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဝက်လက်မြို့နယ်ထဲမှာ စစ်အုပ်စုရဲ့ မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်လုပ်နေတာကြောင့် ဒေသခံတွေ မိုးထဲရေထဲ ထွက်ပြေးနေကြရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ ရွှေဘိုမြို့က စစ်ကြောင်းထပ်မံထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ယင်းမာကျေးရွာအနီးသို့ ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက မနက်က ၁၁ နာရီခွဲခန့်မှာ CJ Platform ကိုပြောပါတယ်။
“ယင်းမာ ရောက်နေပြီ။ ဒီဘက်ထိုးမယ်သိတော့ ပြင်ဆင်ထွက်ပြေးဖို့ ရှိသေး၊ ပြေးတဲ့သူကပြေး၊ လက်နက်ကြီးထိတာ သုံးယောက်လောက် ထိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကြောင်းဝင်ရောက်ပြီး ဒေသတွင်းမငြိမ်သက်မှုတွေကြောင့် ဒေသခံထိခိုက်မှုအခြေအနေတွေကိုတော့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
အောက်တိုဘာ ၁၂ ရက် ညပိုင်းကစပြီး ရွာသာကြီးကျေးရွာကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်နေခဲ့ကာ ၄ ရက်ဆက်တိုက် တိုက်ပွဲဆက်ဖြစ်နေခဲ့ပြီး ဒီကနေ့ထိ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုတို့ တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကူလာဖို့အတွက် မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ စစ်အုပ်စုက လုပ်ဆောင်ခဲ့ပါတယ်။
စစ်အုပ်စုက လေယာဉ်၊ Gyrocopter၊ စက်တပ်လေထီးတွေနဲ့ အောက်တိုဘာ ၁၃ ရက်နေ့လောက်ကစပြီး နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရပြီး အဆောက်အဦတွေလည်း ပျက်စီးခဲ့ရပါတယ်။
ဒါကြောင့် တော်လှန်ရေးအင်အားစုတွေက ဒေသခံပြည်သူတွေအနေနဲ့ သတိပြုသွားလာနေထိုင်ကြဖို့ အသိပေးထားပါတယ်။
ဓာတ်ပုံ – Wetlet Informational Network