အိန္ဒိယဘက်က ဓာတ်မြေဩဇာရောင်းချမှု ပိတ်ပင်လိုက်တာကြောင့် ရခိုင်မှာ ဆောင်းသီးနှံစိုက်ပျိုးဖို့ အခက်တွေ့

Author CJ Platform
Categories
Published on Oct 03, 2025

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင် တာဝန်ရှိသူတွေက  မြန်မာနိုင်ငံကို ဓာတ်မြေဩဇာ ရောင်းချမှု ပိတ်ပင်လိုက်တာကြောင့် ရခိုင်ပြည်က တောင်သူတွေမှာ ဓာတ်မြေဩဇာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ စိုက်ပျိုးတောင်သူတွေဆီက သိရပါတယ်။

လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၁၆ ရက်နေ့မှာ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ဓာတ်မြေဩဇာ ရောင်းဝယ်တာ မပြုဖို့ နှစ်လကြာ ပိတ်ပင်လိုက်တဲ့အတွက် ရခိုင်ပြည်ကို ဓာတ်မြေဩဇာ ဝင်ရောက်မှု ရပ်တန့်သွားခဲ့တာပါ။

“မီဇိုရမ်ဘက်က ဓာတ်မြေဩဇာ ရောင်းဝယ်မှု ပိတ်လိုက်ပြီးကတည်းက ရခိုင်မှာ ဓာတ်မြေဩဇာ အဝင်မရှိတော့တာပါ။ ရက်ကြာလာတော့ ဆိုင်တွေမှာ ဓာတ်မြေဩဇာ ပြတ်လပ်မှု စတင်ရင်ဆိုင်နေရတာပါ။ အခု ဆိုင်အများစု အားလုံးနီးပါး ဓာတ်မြေဩဇာ ပြတ်လပ်နေပါပြီ” လို့ မင်းပြားမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

ရခိုင်မှာ စစ်အုပ်စုက ကုန်စည်စီးဆင်းမှုကို ပိတ်ပင်ထားတာကြောင့် ဒေသခံတောင်သူတွေဟာ ဓာတ်မြေဩဇာအတွက် မီဇိုရမ်ပြည်ကနေ အဓိကထား ဝယ်ယူနေရတာပါ။

 

မကွေးတိုင်း၊ ဆောမြို့နယ်ဘက်ကလည်း ဓာတ်မြေဩဇာ ဝယ်ယူခဲ့ကြပေမဲ့ ခရီးစရိတ်ကုန်ကျများတာ၊ လမ်းခရီးကြန့်ကြာတာ၊ စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးမှုကြောင့် လက်ရှိမှာ ကားလမ်းတွေ ယာယီပိတ်ထားတာတွေ ကြုံတွေ့နေရပါတယ်။

 

” အိန္ဒိယ-မြန်မာ ငွေကြေးကွာဟမှုကြောင့် ဈေးကတော့ ကြီးတယ်။ နောက် ဆောဘက်က ဝယ်ယူတာတွေ ရှိတယ်။ လမ်းကြောင်းက အရမ်းခက်ခဲတယ်။ အချိန်ကြန့်ကြာတယ်။ သယ်ယူစရိတ်များတယ်။ မြေဩဇာဈေးက အိန္ဒိယထက်တော့ သက်သာတာပေါ့လေ။ ဒါပေမဲ့ အဲဒီလမ်းကလည်း အခု ယာယီပိတ်ထားတဲ့ အခြေအနေမျိုးမှာ သယ်ယူလို့မရဘူး” လို့ ရခိုင်ကုန်သည်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ရခိုင်မှာ ဓာတ်မြေဩဇာ ပြတ်လပ်မှုဟာ အချိန်ကြာမြင့်လာပါက လာမယ့် ဆောင်းရာသီသီးနှံတွေရဲ့ အထွက်နှုန်းကို ထိခိုက်စေပြီး စိုက်ပျိုးမှု သွင်းအားစုစရိတ်ဆုံးရှုံးမှာကို တောင်သူတွေက စိုးရိမ်နေကြပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ-ပလက်ဝ-လောင်တလိုင် နယ်စပ်ကို တွေ့ရစဉ်။