AA ထိန်းချုပ်ဒေသတွေမှာ အင်တာနက်ဝန်ဆောင်မှုတွေကို ယာယီပိတ်ထား

အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသတွေကို စစ်အုပ်စုက အခုတစ်ပတ်အတွင်း နေ့စဉ်နီးပါး လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသတွင်း အင်တာနက်အသုံးပြုမှုနဲ့ ဝန်ဆောင်မှုတွေကို ယာယီပိတ်ပင်ထားတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် (AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် သွားရောက်ခဲ့တဲ့ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ရွာကို မနေ့ ဩဂုတ် ၂၆ ရက်မှာ စစ်အုပ်စုက ပစ်မှတ်ထား ဗုံးကြဲခဲ့ပြီးနောက် ဒီနေ့မှာ ဒေသတွင်း အင်တာနက်အသုံးပြုမှုနဲ့ ဝန်ဆောင်မှုတွေကို ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ယာယီပိတ်ပင်ခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။
“လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာ သတင်းပေးတွေ ရှိလို့ဆိုပြီး စတားလင့်ခ်တွေ ယာယီပိတ်လိုက်တာ။ ပုံထဲမှာပါတဲ့ နောက်ခံအိမ်ကို တိတိကျကျ ဗုံးကြဲသွားလို့ အခြေအနေက ပိုဆိုးသွားတာ” လို့ ဒေသခံတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံထဲတွင် “ကျောက်ခုတ် တောင်တက်လမ်း” လို့ ပါရှိနေပြီး စစ်အုပ်စုက အဲဒီနေရာဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒေသတွင်း စတားလင့် အင်တာနက်အသုံးပြု ဝန်ဆောင်မှုတွေကို ULA/AA က ယာယီပိတ်ပင်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
အခုတစ်ပတ်အတွင်း မြောက်ဦးမြို့နယ်ပေါ် ရပ်ကွက်တွေနဲ့ အနီးဝန်းကျင် ကျေးရွာတွေအပြင် AA စစ်ဦးစီးချုပ် သွားရောက်ခဲ့တဲ့ မင်းပြားမြို့နယ်က ကျေးရွာကိုပါ စစ်အုပ်စုက ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွေ ရှိနေတာကြောင့် ဒေသခံပြည်သူအများအပြား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်အတွင်း စစ်အုပ်စုက အင်တာနက်နဲ့ ဖုန်းဆက်သွယ်ရေးတွေကို ကာလရှည် ဖြတ်တောက်ထားခဲ့တာကြောင့် ဒေသတွင်း စတားလင့်ခ် အင်တာနက် တပ်ဆင်အသုံးပြုမှုတွေ ရှိနေပြီး ဒေသခံပြည်သူတွေ အချိန်အကန့်အသတ်နဲ့ အသုံးပြုဖို့ ULA/AA ကလည်း ခွင့်ပြုပေးထားတာလည်း ဖြစ်ပါတယ်။